သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာရသာမုန်တိုင်း အားပျော့၊ အစိမ်းရောင်အဆင့်သတ်မှတ်


မုန်တိုင်းအလွန် ကယ်ဆယ်ရေးပြုလုပ်စဉ် (MOI)
မုန်တိုင်းအလွန် ကယ်ဆယ်ရေးပြုလုပ်စဉ် (MOI)

ဘင်္ဂလားပင်လယ်အော်က ဝင်ရောက်လာတဲ့ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) ဟာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးတဲ့နောက် အားပျော့သွားပြီဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့်ကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်သွားတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွင်းက မြို့နယ်တွေအတွက် မာရသာမုန်တိုင်းအလွန် ကူညီကယ်ဆယ်ရေးနဲ့ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း မုန်တိုင်းသင့်ပြည်သူတွေအတွက်လည်း ရခိုင်လူမှုအဖွဲ့တွေက သွားရောက်ကူညီကြဖို့ပြင်ဆင်နေကြပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပါမယ်။

ဧပြီလ ၁၇ရက်နေ့မြန်မာစံတော်ချိန်မနက် ၁၀နာရီခွဲက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်ကဖြစ်တည်လာခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” ဟာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီးဖြစ်တဲ့အတွက်အစိမ်းရောင်အဆင့်လို့ သတ်မှတ်လိုက်ပြီး မုန်တိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးထုတ်ပြန်ပေးတဲ့သတင်းဖြစ်တယ်ဆိုတာကို မိုးဇလက ထုတ်ပြန်ထားပါတယ်။

မနေ့ညနေပိုင်းကစလို့ ဒီကနေ့အထိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်သွားချိန်အတွင်း အဓိကထိခိုက်မှုဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ဧရာဝတီတိုင်း မကွေးတိုင်းအပြင် မိုးလေပြင်းထန်ခဲ့တဲ့ တခြားတိုင်းဒေသကြီးပြည်နယ်တွေအတွက် မုန်တိုင်းအလွန်ကူညီကယ်ဆယ်ရေးနဲ့ ပျက်စီးသွားတဲ့လူနေအိမ်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နေကြပြီဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

“အချိန်နဲ့အမျှပေါ့နော် မိုးလေဝသမှာရှိတဲ့ သတင်းနဲ့ ကျနေ်ာတို့ Emergency Operation Center (EOC) မှာလည်း ဒီလိုမုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဆက်တိုက်ပို့ခဲ့တယ်။ မုန်တိုင်းက ဘယ်လိုအားလျှော့သွားပြီ၊ ဝင်ရောက်နေပြီ၊ ဘယ်နေရာမှာ လေတိုက်နှုန်း ဘယ်လောက်ရှိတယ်အဲဒီတော့ ကျနေ်ာတို့ ဘာတွေအပျက်အစီးရှိတယ်၊ ဒါမျိုးတွေကို ကျနေ်ာတို့ အခုမနက်အထိလည်း သတင်းဖြန့်ချီတာတွေလုပ်တယ်။ ပြည်သူတွေနဲ့ ပတ်သက်လို့ကတော့ ဖြစ်သွားတဲ့ပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် ကျနော်တို့က နဂိုကတည်းက အဆင်သင့်ဖြစ်နေပြီ ဆိုတော့ အဓိကတော့ ရခိုင်ဘက်မှာ အဖြစ်များတာပါ။ ကျန်တာကတော့ ဧရာဝတီတိုင်းမှာ အနည်းငယ်ဖြစ်တယ်ပေါ့နော် ၊ နောက်ပြီးတော့ မကွေးတိုင်းမှာ အနည်းငယ်ဖြစ်တယ် ကံပြားကိုသွားတဲ့လမ်းမှာ ယာယီလမ်းတွဲသံတားလေးပေါ့ အဲဒါကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေပြီ။ ဧရာဝတီမှဖြစ်တာနဲ့ ပတ်သက်လို့လည်း ကျနော်တို့ဆောင်ရွက်နေပါပြီ။ နောက်ပြီးတော့ ထောက်ပံ့တာတွေလည်း ကျနေ်ာတို့ စနေပါပြီပေါ့နော်။”

ရခိုင်ပြည်နယ်တွင်းမှာတော့ ကျောက်ဖြူမြို့နယ် မာန်အောင်မြို့နယ် ရမ်းဗြဲမြို့နယ်နဲ့ သံတွဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ ထိခိုက်မှုများခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း မုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူတွေအတွက် အရေးပေါ်လိုအပ်ချက်တွေကို အမြန်ဆုံးကူညီနိုင်ရေးအတွက်ကိုလည်း ရခိုင်လူမှုအဖွဲ့အစည်းတွေဘက်က ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က လူမှုအဖွဲ့အစည်းက ဦးဝင်းလှိုင်ကပြောပြါတယ်။

“ ကျနေ်ာတို့ဒေသတွေမှာက ရေနဲ့အတွေ့အကြုံရှိတယ်ဆိုတာကတော့ မှန်တယ် ဒါပေမယ့် ဆင်းရဲတဲ့လူတွေက အဓိကခံရတယ်။ သူတို့တွေကို အကူအညီပေးရအောင် ကျနော်တို့ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ပေးမယ် ၊အခုအထိတော့ မသိရသေးဘူး။ ဒါပေမယ့် သူတို့တွေမှာ စားရေးသောက်ရေးကတော့ အဓိကဖြစ်လာလိမ့်မယ်၊ ပြီးရင် နေရေးထိုင်ရေး အဓိက ကူညီစောင့်ရှောက်တာကတော့ အကောင်းဆုံးဖြစ်လိမ့်မယ်။ ပထမဦးဆုံးကျနေ်ာတို့ စားရေးသောက်ရေးကို အခြေခံပြီးတော့သွားတယ်။ ပြီးတော့ လိုအပ်တာတွေကိုကျနေ်ာတို့ ကူညီပေးမှာပါ။”

ဆိုင်ကလုန်းမာရသာ ဖြတ်သန်းနိုင်ခြေရှိတဲ့ကာလအတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်တွေနဲ့ ခရီးသည်တင်လှေတွေ ငါးဖမ်းလှေတွေဟာ မုန်တိုင်းရှောင်ပြီး လှိုင်းလေခိုလှုံဖို့သတ်မှတ်ထားတဲ့ လှိုင်းလှေခိုလှုံဆိပ်တွေရှိတဲ့နေရာတွေကို သတိပေးချက်တွေကို လိုက်နာပြီး လာရောက်ဆိုက်ကပ်ထားကြတယ်လို့သိရပါတယ်။ ဒီတကြိမ်မုန်တိုင်းတိုက်ခတ်ချိန်မှာတော့ ပြည်သူအများက မုန်တိုင်းသတိပေးကြေညာချက်တွေကို အထူးသတိထားစောင့်ကြည့်ကြပြီး သတိပေးနိုးဆော်ချက်တွေ ထုတ်ပြန်ချက်တွေအပေါ် လိုက်နာမှုအားကောင်းခဲ့တဲ့အတွက် သစ်ပင်ကျိုးကျတာနဲ့ ဓာတ်လိုက်လို့သေဆုံးသူ အနည်းဆုံး(၄)ဦးရှိခဲ့ပေမယ့် မုန်တိုင်းကြောင့် အသေအပျောက် နည်းခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။

“ သတင်းရတာနဲ့ ကျနေ်ာတို့စနေပြီ။ တချို့လူသေဆုံးမှုရှိခဲ့တာ ဧရာဝတီတိုင်းမှာ ဓါတ်လိုက်ပြီးတော့ ၂ ယောက်သေတယ် နောက် သစ်ပင်ပိပြီးတော့ ၂ ယောက်သေတယ်။ ဒါမျိုးတွေရှိတယ် ဒါတွေအတွက်ကိုလည်း ထောက်ပံ့ဖို့အတွက် ကျနေ်ာတို့ဆောင်ရွက်နေတယ်။ အိမ်တွေကိုလည်း ၁ လုံးချင်းကို ဘယ်လောက်ဆိုတာ ကျနေ်ာတို့ တန်ဖိုးသတ်မှတ်ထားတာရှိတော့ ထောက်ပံ့မူတွေကို အခုလုပ်နေပြီပေါ့နော်။ ဒီစာရင်းတွေက ဒီညနေလောက်ဆိုရင်အကုန်ထွက်လာမယ်။ ပျက်စီးဆုံးရှုံးမှုစာရင်းကတော့ ထွက်နေပြီ ၊ ရခိုင်ကတော့ အများဆုံးပေါ့နော် ၅ မြို့နယ်မှာဖြစ်တယ်။ သိန်း ၃၈၉ သိန်းလောက် ပျက်စီးတယ်။ အဲဒါနဲ့ ပတ်သက်လို့ကလည်း သက်ဆိုင်ရာတိုင်းဒေသကြီးရော ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျနေ်ာတို့ ပူးပေါင်းပြီးတော့ ထောက်ပံ့တာတွေစလုပ်နေပါပြီလို့ ပြောချင်ပါတယ်။”

ဒါ့အပြင် မုန်တိုင်းဒဏ်ကြောင့် ဂေါ်ရင်ဂျီကျွန်းအပြန်လမ်း လမ်းပိတ်တာ မြေကျွံတာ၊ ကားလမ်းတွေရေကျော်တာ တံတားပျက်စီးမှုတွေရှိခဲ့တာတွေနဲ့ပတ်သက်လို့လည်း အမြန်ဆုံးလမ်းပမ်းဆက်သွယ်ရေးကောင်းအောင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ နယ်မြေခံတာဝန်ရှိသူတွေဘက်က အရေးတကြီးလုပ်ဆောင်ပေးနေကြတယ်လို့လည်း လူကယ်ပြန်ကပြောပါတယ်။

မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း ဆိုင်ကလုန်းမုန်တိုင်း မာရသာသတိပေး ချက်များကို ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ တောင်ကုတ်၊ မာန်အောင် မြို့တွေနဲ့အတူ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လပွတ္တာ၊ရေကြည်၊ ငပုတော၊ ဘိုကလေး၊ ဟင်္သာတ၊ ဒေးဒရဲမြို့တွေအတွက် မုန်တိုင်းအန္တရာယ်ကျရောက်လာရင် အရေးပေါ် အကူအညီများပေးအပ် နိုင်ဖို့ အချိန်နှင့်တစ်ပြေးညီစောင့် ကြည့်တာတွေ လိုက်လံသတိပေးတာတွေ လက်ကမ်း စာစောင်များ ဖြန့်ဝေတာတွေကိုဆောင်ရွက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကိုင်း၊ မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့လုံခြုံရေးတွေ လူမှုအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဘက်က မုန်တိုင်းအလွန် ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ လမ်းပိတ်ဆို့တာတွေ သစ်ပင်ပြိုလဲတာ သစ်ကိုင်းကျိုးကျတာတွေကို အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးနေကြတာကိုတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG