သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မြန်မာပြည်အနှံ့ကျင်းပ


ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ( Myanmar State Counsellor Office)
ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ( Myanmar State Counsellor Office)

ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှမ်းပြည်နယ် တောင်ကြီးမှာ မိဘမဲ့ကလေးတွေ မူကြိုကလေးလေးတွေနဲ့အတူ ဆင်နွှဲခဲ့ပြီး မျိုးဆက်သစ်ကလေးတွေ နိုင်ငံ့အကျိုးပြုနိုင်ကြပါစေ လို့ ဒေါ်စုက ဆန္ဒပြုခဲ့ပါတယ်။ မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ကလေးငယ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဟာရဒါနပြုကျွေးမွေးလှူဒါန်းတာ အပါအဝင် မွေးနေ့ပွဲကို မြန်မာနိုင်ငံတဝှမ်း ကျင်းပခဲ့ကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၂) နှစ်မြောက်မွေးနေ့ ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် အထိမ်းအမှတ်အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်၂၀၁၇ခုနှစ် မှာတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဘုန်းတော်ကြီးသင်ကျောင်းတွေက ကလေးငယ်တွေ၊ မိဘမဲ့ ကလေးစောင့်ရှောက်ရေးကျောင်းက ကလေးငယ်တွေနဲ့ မူကြိုကျောင်းက ကလေး ၂၅၀ကျော်နဲ့အတူ ကျင်းပခဲ့ပါတယ်။

ပင်လုံပြည်ထောင်စုအခမ်းအနားအတွက် ရှမ်းပြည်ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ် တောင်ကြီးက ဗိုလ်ချုပ်မွေးနေ့အခမ်းအနားနဲ့ပတ်သက်ပြီး ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုပြောပြပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၁၀၂ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် သူက အလှူလုပ်တာပေါ့နော်၊ ဘယ်လိုအလှူလုပ်သလဲဆိုရင် အဲဒီမှာရှိတဲ့မိဘမဲကလေးတွေရယ်၊ မသန်စွမ်းကလေးတွေရယ် ၂၅၇ ဦးပေါ့နော် သူက ကျွေးမွေးတယ် ငွေလှူဒန်းတယ်ပေါ့နော်၊ သူက ဒီနေ့ ကလေးတွေနဲ့တွေ့တာကတော့ ကလေးတွေ ကျန်းမာပါစေ၊ ကျန်းကျန်းမာမာရှိဖို့တော့လိုတယ်၊ အဟာရပြည့်ဝဖို့တော့လိုတယ်၊ အဲဒီအတွက်ကို အားလုံးစောင့်ရှောက်ပေးဖို့နဲ့ ကလေးတွေနဲ့တွေ့တုန်းကပြောခဲ့တယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမှာ မျိုးဆက်သစ် ကလေးငယ်လေးတွေကို ဗိုလ်ချုပ်အောင်ဆန်းလို တာဝန်ကျေပွန်တဲ့ နိုင်ငံသားကောင်းလေးတွေ ဖြစ်စေချင်သလို တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မမေ့မလျော့အောင် လက်ဆင့်ကမ်း အသိပေးသင့်တယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးများနေ့ အပေါ် သူ့ရဲ့အမြင် အခုလိုပြောပြပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံမှာ ကလေးများနေ့ ဆိုပြီးတော့ သတ်မှတ်လိုက်တယ်၊ သတ်မှတ်လိုက်ခြင်းက အင်မတန်ကို လျော်ကန်သင့်မြတ်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးဘဝဆိုတာက သူတို့ ဦးနှောက်ထဲမှာ မှန်ကန်တဲ့အတွေးအခေါ်အယူအဆလေးတွေ ရောက်ရှိသွားဖို့လိုတယ်။ ကြီးလာရင် ပြောဆိုရတာ သိပ်မလွယ်တော့ဘူး၊ ဒါကြောင့်ကလေးဘဝမှာကတည်းက ကျနော်တို့အနေနဲ့ လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ပေးတဲ့ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကို သူ့မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရအောင်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။ ဒီလွတ်လပ်ရေးရအောင် ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံပြီး တော့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ၁၂ ရက်ဖြစ်ပြီးတော့ နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မှတ်ရလည်းလွယ်တယ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တယ်။ အရေးကြီးတာက ပြည်ထောင်စုစိတ်ဓါတ်ကို ကလေးငယ်ငယ်မှာကတည်းက ကိန်းအောင်သွားရင် အချင်းချင်းဘယ်လို ဆက်ဆံရမလဲ၊ ဖေးမကူညီရမယ်၊ အချင်းချင်း ဘယ်လိုနားလည်မှုရှိရမယ် ဆိုတာတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးလိုက်လို့ရှိရင် နောင်ကျလို့ရှိရင် အခုဖြစ်နေတဲ့ ပြဿနာမျိုးပေါ့ ပဋိပက္ခ တွေ ၊ ငြိမ်းချမ်းမှုမရရှိအောင် အဟန့်အတား အနှောက်အယှက်ဖြစ်မှုတွေ မဖြစ်နိုင်တော့ပဲနဲ့ ငြိမ်းချမ်းရေး အတွက်ကို လက်ဆင့်ကမ်းသယ်မယ့်လူတွေက ကလေးတွေပဲဖြစ်တယ် ၊ အနာဂတ်မြန်မာနိုင်ငံအတွက် အလွန်ကိုအရေးကြီးတဲ့ ကိစ္စတခုဖြစ်တဲ့အတွက်ကြောင့် အားလုံးကနေပြီးတော့ ဝိုင်းပြီးတော့ ဒီအသိလေးတွေကို ကလေးတွေဆီမှာရောက်အောင်ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

မွေးကင်းစမှစလို့ မူကြိုကလေးငယ်လေးတွေအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက အစာအာဟာရ ပဲနို့ရည် တိုက်ကျွေးခဲ့သလို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်တွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်ခဲ့တဲ့ပဲပြုတ်၊ နံပြား အဟာရ မွေးနေ့အထိမ်းအမှတ် လှူဒါန်းကြပါတယ်။

မန္တလေးက အခမဲ့စာကြည့်တိုက်တွေထူထောင်သူ မောင်ဇော်ဇော်ကလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရောက်တိုင်း အလေးဂါရဝပြုတဲ့အနေနဲ့ သူနေထိုင်တဲ့ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ မွေးနေ့ အထိမ်းအမှတ် ကျင်းပကြတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“မန္တလေးတို့ ၊ ကျောက်ပန်းတောင်းတို့ ကျနော်တို့ အထွဋ်အထိပ်ထားတာပေါ့နော် ဘဘ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ဆိုတာ့ ကျနော်တို့က ပြည်ထောင်စုနေ့နဲ့ ဘဘ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နေ့ထူးနေ့မြတ် ကျနော်တို့ရွာတွေကို စာသင်ကျောင်းတွေမှာ မွေးနေ့ကျင်းပတယ်၊ ဘဘ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ရွာဦးကျောင်းတွေမှာ ဆွမ်းကပ်တယ်။ လူငယ်လေးတွေ ကလေးလေးတွေကို ဘဘ ဗိုလ်ချုပ်အောင်ဆန်းလိုစိတ်ဓါတ်တွေမွေးနိုင်အောင် ဆရာဆရာမတွေကနေ သွန်သင် ဆုံးမတယ်၊ ပြီးရင်ကလေးတွေကို ကျနေ်ာတို့ ရွာကလူတွေကနေပြီးတော့ ဆုပေးတာလေးတွေ ကလေးတွေကို ခွန်အားပေးတာလေးတွေ အမြဲလုပ်ပါတယ်ခင်ဗျ။”

ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံကလေးများနေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို ရန်ကုန်အမေရိကန်သံရုံးကလည်း ဆင်နွှဲတဲ့အကြောင်း အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။ဒီလိုနေ့မျိုးမှာ မတူကွဲပြားခြင်း၊ အားလုံးပါဝင်ခြင်းနဲ့လွတ်လပ်ခြင်းတို့အတွက် ဖော်ဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို မိမိတို့ကိုပြန်လည်အမှတ်ရမိစေကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာကလေးများနေ့ကို မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ဘယ်လို ဆင်နွှဲကြသလဲဆိုတာ ပြောခဲ့ကြပါဦးဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

နေပြည်တော် တပ်ကုန်းမြို့ က စာကြည့်တိုက်မှာတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ ဓာတ်ပုံ၊ ကာတွန်းစာအုပ်ပြပွဲကိုကျင်းပခဲ့ပြီး ပြခန်းမှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သမိုင်းအဆက်ဆက် စာအုပ်များ၊ ဗိုလ်ချုပ်ရဲ့ဘဝမှတ်တမ်းတွေ၊ မိသားစုသမိုင်းဝင်ဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်အမှတ်တရ ကာတွန်းရုပ်ပြတွေနဲ့ လက်ကမ်းစာစောင်တွေကို ဝေဌပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြသခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG