သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းရင်းဒေသဖွံ့ဖြိုးရေးအတွက် ယန်း ဘီလီယံ ၄၀ ဂျပန်ကူမည်


(Photo: MOI)
(Photo: MOI)

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုတွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့ ထောက်ပံ့ကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက ယန်း ဘီလီယံ ၄၀ ပေးအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ၅ ရက်ကြာ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့ အစိုးရသစ်အတွက် ဂျပန်အစိုးရက ကူညီပံ့ပိုးတဲ့အနေနဲ့ ဂျပန်ယန်း ဘီလီယံ ၈၀၀ ပေးမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ပံ့ပိုးပေးတယ်လို့ ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“ဝန်ကြီးချုပ်ကြီးပြောသွားတဲ့ ထောက်ပံ့မှုတွေထဲမှာဆိုရင် ကျမတို့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဘီလီယံ ၄၀၊ နောက်ပြီးတော့ ကျမတို့ ဒီတိုင်းရင်းသားတွေ တခြား တိုင်းရင်းသားနယ်မြေ မဟုတ်တဲ့နေရာတွေမှာ ကွာဟမှုတွေလည်း ကျဆင်းသွားဖို့အတွက် ကျေးလက်တောရွာတွေနဲ့ မြို့တွေကြားမှာ ကွာဟမှုတွေ ကျဆင်းသွားဖို့အတွက် ဘီလီယံ ၈၀၀ ပံ့ပိုးတယ်ဆိုတာလည်း ကျမတို့နိုင်ငံရဲ့ တည်ငြိမ် ငြိမ်းချမ်းဖို့အတွက်လည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဖြစ်ပါတယ်။”

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံတဝှမ်း အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အသီးအပွင့်တွေ ဖြစ်လာစေဖို့ မျှော်လင့်ထားကြောင်း ပြန်လည် ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ NLD အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ဂျပန်နိုင်ငံကို လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုမြို့က Akasaka အစိုးရဧည့်ဂေဟာမှာ ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။

၂ နိုင်ငံခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံပွဲမှာ စီးပွားရေး၊ ကာကွယ်ရေးကဏ္ဍတွေ မြှင့်တင်ဖို့၊ လူ့စွမ်းအား အရင်းမြစ်ဖွံ့ဖြိုးရေးနဲ့ လူငယ်တွေကြား အပြန်အလှန် ဖလှယ်ရေးအပြင် မြန်မာနိုင်ငံ အမျိုးသားစည်းလုံးရေး လုပ်ငန်းတွေမှာ တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင် ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။

ဒေသတွင်း ကိစ္စရပ်တွေထဲမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ နျူကလီးယားနဲ့ ဒုံးလက်နက်တွေ ထုတ်ဖို့ ကြိုးစားနေတဲ့ မြောက်ကိုရီးယားအရေးလည်း ပါဝင်ပါတယ်။ ဝန်ကြီးချုပ် အာဘေးက မြောက်ကိုရီးယားအရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုမှာ မြန်မာပါဝင်လာဖို့ တိုက်တွန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရဲ့ မြောက်ကိုရီးယားအပေါ် ရပ်တည်ချက်ကို မြန်မာက နားလည်လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံမှု ရှိပြီး၊ ဂျပန်နဲ့ မရှိတဲ့ အနေအထားကို နားလည်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ မြန်မာနဲ့ ဂျပန် ၂ နိုင်ငံအစိုးရတွေကြား ဂျပန် ပြည်ပ ပူးပေါင်းဆောင်ရွက်မှု လုပ်အားပေးများ စေလွှတ်ရေး သဘောတူ စာချွန်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တာတိရှိ ဟိဂုချိ တို့်ရဲ့ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ကြပြီး ၂ နိုင်ငံ ခေါင်းဆောင် ၂ ဦး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရသစ်ကို ဂျပန်နိုင်ငံက ထောက်ခံ ပံ့ပိုးကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ မိတ်ဆွေပါ။ ကျနော်တို့ ၂ နိုင်ငံကြား လွတ်လပ်မှု၊ ဒီမိုကရေစီ၊ အခြေခံ လူ့အခွင့်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေလို အခြေခံ စံတန်ဖိုးတွေကို မျှဝေကြသလို မြန်မာအစိုးရသစ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံက အပြည့်အဝ ထောက်ခံ ပံ့ပိုးပေးနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ သမိုင်းစာမျက်နှာသစ်တရပ် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဂျပန်ဟာ မြန်မာနဲ့ ဆက်လက် လက်တွဲ သွားနိုင်မယ့် မိတ်ဆွေကောင်း တရပ်အဖြစ် ယုံကြည်ထားကြောင်း ပြန်လည် ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ် အာဘေးကတော့ အခု ဂျပန်ကပေးတဲ့ အကူအညီတွေကနေ ကျေးရွာနေလူထုအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်အောင်နဲ့ စက်မှုလုပ်ငန်း တိုးတက်လာအောင် လုပ်ပေးဖို့တွေ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ ရေအားလျှှပ်စစ်ထုတ် စက်ရုံကြီး ၂ ခု ပြန်လည် ပြင်ဆင်ဖို့ ချေးငွေ ထုတ်ပေးဖို့ လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အောင်မြင်စေချင်တဲ့ စေတနာနဲ့ ကူညီထောက်ပံ့မှုတွေကို တန်ဖိုးထားတဲ့အနေနဲ့ ဒီကူညီမှုတွေကို အကျိုးရှိအောင် ကြိုးစားမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုခဲ့တာပါ။

“ကျမတို့ နိုင်ငံ အောင်မြင်စေချင်တယ် ဆိုတာလည်း ကျမ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ အခုအချိန်မှာဆိုရင် ဒီမိုကရေစီ အောင်မြင်ဖို့အတွက်၊ ငြိမ်းချမ်းရေးရရှိဖို့အတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျပန်နိုင်ငံကနေပြီး စိတ်အားထက်သန်စွာနဲ့ ကူညီတာကို ကျမတို့ကနေ တန်ဖိုးထားပြီးတော့ ဒီလို ကူညီမှုတွေဟာ တကယ့်ကို အကျိုးရှိအောင်လို့ ကျမတို့က ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာပဲ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုလို ဂျပန်နိုင်ငံ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ၁၉၈၀ နှစ်တွေတုန်းက သုတေသနစာတမ်းရေးဖို့ ၉ လကြာ သွားရောက်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်ကို သွားရောက်မှာဖြစ်သလို ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ ညနေ ၄ နာရီမှာ Japan National Press Club သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မှာဖြစ်ပြီး၊ စနေနေ့မှာတော့ ဂျပန်ခရီးစဉ် အဆုံးသတ်မှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG