သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံဖြိုးရေးအတွက် ဒေါ်လာသန်း ၈,၀၀၀ နီးပါး ဂျပန် ကူညီမည်


မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေး အထောက်အကူအဖြစ် ဒေါ်လာ သန်း ၈၀၀၀ နီးပါး ပေးဖို့ ဂျပန် ဝန်ကြီးချုပ်က ဒီကနေ့ ကတိပြု ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဒီကနေ့မှာ ဂျပန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မနက်ပိုင်းမှာတော့ ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ဒီကနေ့ ကြိုဆိုပါတယ်။ ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ မှာတော့ မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေး အထောက်အကူအဖြစ် ဂျပန်နိုင်ငံက ဂျပန်ယန်း ၈၀၀ ဘီလီယံ ( ဒေါ်လာ သန်း ၈၀၀၀ နီးပါး)ပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြု ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်းက လူနည်းစုတွေ နေထိုင်ရာ ဒေသတွေ အတွက် အထောက်အကူတွေ အပါအဝင် ဂျပန်ယန်း ဘီလီယံ ၈၀၀ ( ဒေါ်လာ ၇ ဒသမ ၇၃ ဘီလီယံ)ကို ဂျပန် မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကနေ တဆင့် ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ဒေသတွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အတွက် စီးပွားရေး ဖွံ့ဖြိုးမှု အထောက်အပံ့ အနေနဲ့ ပေးအပ်တာ ဖြစ်ပါတယ်။”

ဂျပန်ဘက်က ဒီအကူအညီကို ၅ နှစ်တာ ကာလအတွင်း ပေးအပ်သွားမှာ ဖြစ်ပြီး တိုင်းရင်းသား လူနည်းစုတွေ ဖွံ့ဖြိုးရေး အတွက် အစိုးရ ကဏ္ဍဘက်ကရော ပုဂ္ဂလိက ကဏ္ဍဘက်ကပါ ဂျပန် ယန်း ၄၀ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ထောက်ပံ့ငွေတွေကိုတော့ လေဆိပ်၊ လျှပ်စစ် တို့လို ကဏ္ဍတွေမှာ အသုံးပြုမယ် လို့လည်း ဂျပန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ အထောက်အပံ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း အခုလို ပြောဆိုခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းရေးရရှိရေးအတွက် ပံ့ပိုးမှုတွေ ကို ဂျပန်နိုင်ငံကနေပြီးတော့ လေးလေးနက်နက် နဲ့ထောက်ခံခဲ့တာလည်း အများကြီး ကျမတို့ အလေးထားပါတယ်။”

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာရဲ့ အကျိုးဆက် အဖြစ်နဲ့ မြန်မာနိုင်ငံတွင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ် ကဏ္ဍလို အခြေခံ အဆောက်အဦပိုင်းမှာ လိုအပ်ချက်တွေ အများအပြား ရှိနေ တာပါ။ မြန်မာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် အခြေခံ အဆောက်အဦး တည်ဆောက်ရေး ဆိုင်ရာ ကဏ္ဍတွေမှာ ဂျပန်ဘက်က အစဉ်တစိုက် အကူအညီပေးအပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဂျပန် နိုင်ငံ ခရီးစဉ်ကနေ ဂျပန် ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုပြီး တိုးလာဖို့လည်း စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းရဲ့ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားတဲ့ ဒေါက်တာ စိုးထွန်းကတော့ အခုလို ပြောပါတယ်။

“ကျနော်တို့အတွက်ကတော့ အခုကတော့ ဂျပန်နိုင်ငံ ကနေပြီးတော့ ဒီကိုလာမယ့် ရင်းနှီးမှုနဲ့ ပတ်သက်ရင်တော့ လက်ရှိကတော့ သီလဝါ SEZ မှာ လာပြီး ရင်းနှီးမြှုပ်နှံမယ့်လူတွေပေါ့နော်။ ဒီဟာတွေတော့ ကျနော်တို့ထင်တယ် သူတို့ကတော့ စိတ်ဝင်စားကြမယ့် အနေအထားရှိတယ်။ ကျနော်တို့ဆီကလက်ရှိ ဂျပန်နိုင်ငံကိုတော့ တကယ်တမ်းလက်ရှိတင်ပို့နိုင်တာကတော့ လက်ရှိရေလုပ်ငန်းထွက်ပုံတွေ တင်ပို့တာရှိတယ်။ နောက်ပြီးဆန်စပါးတို့ကိုတော့ မနှစ်က၊ တနှစ်က တင်ပို့တာရှိတယ်။ ကျန်တာတော့ ကျနော်တို့အနေနဲ့ အများကြီးတင်ပို့နိုင်တဲ့ဟာတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံကိုလာပြီးတော့မှ ဂျပန်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါလာမယ်ဆိုတော့လည်း ကျနော်တို့အတွက်က အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်တယ်။ နောက်တဘက်ကလည်း နည်းပညာတွေနဲ့ ပတ်သက်တဲ့ဟာတွေရယ် Technology transfer ဒါတွေရနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အတွက်ကတော့ ဒါတော့လည်း အကောင်းဘက်ကလို့မျှော်လင့်ပါတယ်။ လက်ရှိအနေအထားမှာတော့ ကျနော်တို့ဆီမှာလည်း သီလဝါ SEZ ကတော့ နိုင်ငံတကာ အဆင့်မှီ စက်မှုဇုံ တခု တည်ဆောက်နေပါတယ်။ ဒီဆောက်တဲ့နေရာမှာလည်း ဂျပန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတွေက ပါဝင်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုယ်မယ့်အတွက်ကြောင့် မို့လို့ လက်ရှိ ဂျပန်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမယ့်လူတွေ စက်ရုံတည်ဆောက်မယ့်သူတွေ အတွက် ကတော့စိတ်ဝင်စားမယ့်နေရာ တခုလို့တော့ သိပါတယ်။ နောက်မကြာခင်ကလည်း ကျနော်တို့အနေနဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းထားပြီးသားဖြစ်တယ်။ အမေရိကန်နိုင်ငံ အနေနဲ့ကလည်း ဒီ sanction ကိုလွှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီအချက်အလက်တွေကြောင့် ကျနော်တို့နိုင်ငံအနေနဲ့က ဂျပန်နိုင်ငံကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာနိုင်မယ်လို့မြင်ပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၅ ရက်ကြာ ဂျပန် နိုင်ငံ ခရီးစဉ် အပြီးမှာ နောက်ဆက်တွဲ ခရီးစဉ် အဖြစ်နဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီး ၃၀ ကျော်တို့ ဂျပန်နိုင်ငံကို သွားရောက်ပြီး စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေး ဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ဂျပန်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အပါအဝင် စီးပွားရေး လုပ်ငန်း နယ်ပယ် အများအပြားကို ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG