သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကိုရောက်ရှိ (MOFA)
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကိုရောက်ရှိ (MOFA)

ဂျပန်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ ဂျပန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီး မနက်ဖြန်မနက်မှာတော့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုက်တက်ရေး လုပ်ငန်းတွေအတွက် အထောက်အကူတွေပေးတဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ဒီခရီးစဉ်ကနေ ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆက်ရေး ပိုမို တိုးတက်ကောင်းလာမယ်လို့ မျှော်လင့်ကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်ဆုံစမ်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့ရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ ဒီကနေ့မနက် ဂျပန်နိုင်ငံကိုစတင်ထွက်ခွာသွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေပိုင်းမှာပဲ ဂျပန်နိုင်ငံကိုရောက်ရှိသွားပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနဲ့ တခြား ဂျပန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို မနက်ဖြန် နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တခြား မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာဖြစ် တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း - ဂျပန် အဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

“ ဟုတ်ကဲ့ ရောက်သွားပါပြီခင်ဗျ။ မနက်ဖြန်ကျရင်တော့ ဂျပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံပွဲကို မနက်ဖြန်မနက်မှာ လုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။”

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲကိုတော့ ဂျပန် စံတော်ချိန် မနက်ဖြန် မနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အဓိက တင်ပြမယ့် အကြောင်းအရာတွေထဲမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်နိုင်ရေးကိစ္စနဲ့ အခွန်ဆောင်တဲ့ကိစ္စတွေ ပါဝင်တယ်လို့ ဦးသန်းဆွေ ကပြောပါတယ်။

“စစ်အစိုးရလက်ထက်မှာတောက်လျှောက်ပေါ့လေ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက ဒီနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါခဲ့ကြတာပေါ့လေ။ အဲဒီလိုပါခဲ့ကြတော့ မြန်မာနိုင်ငံသားတွေက Passport ရုပ်သိမ်းတာခံခဲ့ရတယ်လေ။ ဒီမှာမွေးလာတဲ့ ကလေးတွေ ကလည်း နိုင်ငံမဲ့လိုပုံစံမျိုးပေါ့ Stateless ဖြစ်နေ တယ်။ မြန်မာနိုင်ငံ လည်းပြန်လို့မရဘူး အဲဒီမှာ သံရုံးကတော့ မြန်မာနိုင်ငံသား စာအုပ်၊ မြန်မာနိုင်ငံသား အဖြစ်ကို ပြန်လိုချင်တယ်ဆိုရင် အခွန်ဆောင်ရမယ် လို့ဖြစ်လာတယ်ခင်ဗျ။ ဟိုစစ်အစိုးရလက်ထက်မှာ ဒီဂျပန်နိုင်ငံမှာရောက်နေတဲ့ လူတွေ မပေးတဲ့အခွန်တွေ ဆိုပြီးတော့ သူတို့သတ်မှတ်ပြီးတော့ ကျနော်တို့ကို ကောက်ခံပါတယ်။ ဒီနိုင်ငံမှာ နေတဲ့ နိုင်ငံသားတွေက ဂျပန်အစိုးရကို အခွန်ဆောင်ရတယ်ခင်ဗျ။ ဒီဝင်ငွေတခုလုံးကို မြန်မာနိုင်ငံကိုလည်း ပေးရမယ်၊ ဂျပန်အစိုးရကို ဆောင်ရမယ် ဆိုတဲ့အခါကျတော့ ဂျပန်နိုင်ငံက အခွန်သိပ်ဈေးကြီးတာကို အဲဒီတော့ ဒီမှာရှိနေတဲ့လူတွေက အခက်အခဲကြုံရတယ်။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် သိအောင် တင်ပြမယ်ဆိုတဲ့ဟာလေးကို ကျနော်တို့အားလုံးပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ မိဘုရားတို့ကိုလည်း သွားရောက်ဆွေ့ဆုံ နှုတ်ဆက်မှာဖြစ်ပါတယ်။ ဂျပန်-မြန်မာ နှစ်နိုင်ငံ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့ လိုက်ပါ သွားသလို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေလည်း လိုက်ပါသွားတယ် လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ထောက်ပံ့ကူနေတဲ့ နိုင်ငံ တနိုင်ငံဖြစ်တာကြောင့် အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ ဂျပန်-မြန်မာဆက်ဆံရေး ပိုမို တိုးတက်ခိုင်မာဖို့ မျှော်လင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၅ နိုင်ဝင်ဘာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီး အစိုးရတာဝန်စတင်ထမ်းဆောင်တဲ့အချိန်ကတည်းက အခု ဂျပန်နိုင်ငံ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး သွားရောက်တဲ့ တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG