သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းမြောက် စစ်ပြေးဒုက္ခသည်တွေအကူအညီရရှိရေး ကန်စိုးရိမ်


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လားရှိုးမြို့ရှိ စစ်ရှောင်များကို ကူညီထောက်ပံ့မှုများပေးနေစဉ် (MOI)
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လားရှိုးမြို့ရှိ စစ်ရှောင်များကို ကူညီထောက်ပံ့မှုများပေးနေစဉ် (MOI)

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ ပြည်သူတွေအပေါ် မတော်မတရားပြုကျင့်တဲ့သတင်းတွေအပေါ်မှာ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီး ဒုက္ခရောက်ရသူတွေ အားလုံးကို လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူတွေပေးအပ်ဖို့အတွက် အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူကတော့ လူသားချင်းစာနာမှုဆိုင်အရာအကူအညီတွေ ထောက်ပံ့ပေးနေသလို နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၀ရက်နေ့စတင်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားတာမရှိတော့ပေမဲ့ ကြိုးကြား တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေသလို ကချင်ပြည်နယ်အတွင်းမှာလည်း တိုက်ခိုက်တာတွေ ဖြစ်ပွားနေဆဲရှိပါတယ်။

ဒီလို အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အပေါ် အမေရိကန်သံရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ပြောဆိုပါတယ်။

သူပြောသွားတာကတော့ “ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အကြမ်းဖက်မှုတွေ မြင့်တက်နေတာနဲ့ အရပ်သားပြည်သူတွေအပေါ် မတော်မတရားပြု့ကျင့်တဲ့သတင်းတွေအပေါ် အမေရိကန်သံရုံးအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နောက် ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြစေရေးနဲ့ နိုင်ငံတဝှမ်းက ဒုက္ခရောက်နေသူတွေထံကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အမြန်ဆုံးနဲ့ အဟန့်အတားမရှိ ပို့ဆောင်နိုင်ရေးကို ဆက်လက်တောင်းဆိုကြောင်း” ပြောဆိုတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ရန်လိုမှုတွေကို အမြန်ဆုံးရပ်စဲဖို့ကိုလည်း တိုက်တွန်းကြောင်း ပြောဆိုပါတယ်။

“ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အဓိကလိုအပ်တဲ့ ယုံကြည်မှုကို လျော့ပါးစေတဲ့အပြင် ပြည်သူတွေရဲ့ ဘဝတွေကို ထိခိုက်စေသလို ထောင်နဲ့ချီတဲ့ ပြည်သူတွေကို အတင်းအကျပ် အိုးအိမ်စွန့်ခွာစေရာရောက်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်ရေးအတွက် ရန်လိုမှုတွေကို ရပ်ဆိုင်းဖို့ တိုက်တွန်းကြောင်း” ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးကတော့ နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင် ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်နေကြောင်း ပြောပါတယ်။

“မနေ့က ကျနော်တို့ ဒုတိယသမ္မတလေ၊ ဟင်နရီဗန်ထီးယူနောက်ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး နောက် လူမှုကယ်ဆယ်ဝန်ကြီးနဲ့ နောက် သူတို့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပေါ့နော် လာရှိုးသွားတယ် သွားပြီးတော့ မူဆယ်မှာ ထောက်ပံ့တာပေါ့။ မူဆယ်ရယ်၊ မုံးကိုးဒေသ ၂ ခုစလုံးအတွက်ကိုပေါ့ဗျာ ကျနော်တို့ထောက်ပံ့ခဲ့တယ်။ ရိက္ခာဆိုရင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနကနေ ဆန်၊ ဆီ၊ဆား ၊ ပဲ ကျနော်တို့ လူမှု့ကယ်ဆယ်ကလည်း ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးတို့ ငါးသတ္တာတို့ စသဖြင့်ပေါ့နော် ဒါတွေကျနော်တို့ ထောက်ပံ့ခဲ့တယ်။”

မူဆယ်ခရိုင်မှာ စစ်ရှောင်ဒုက္ခသည် ၆၅၀ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် မိသားစု ၆၀၀ နီးပါးကို ထောက်ပံ့ခဲ့သလို လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးလာမယ်ဆိုရင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။

“လူသားချင်းစာနာမှုအရ ကျနော်တို့ ထောက်ပံ့တဲ့ ကိစ္စတွေကို သူတို့ဆီကနေပြီးတော့မှ စစ်ဘေးရှောင်တွေရှိနေတယ်ဆိုရင် ထောက်ပံ့ဖို့ဆိုရင်တော့ ကျနော်တို့နဲ့ ဆက်သွယ်တယ်ဆိုရင် အကုန်လုံး စီစဉ်ပေးမှာပေါ့”

လောလောဆည်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲကြောင့် တိမ်းရှောင်သွားတဲ့ မုန်းကိုးမြို့က ပြည်သူတွေ နေရပ်ရင်း ပြန်တာရှိပေမဲ့ နမ္မတူမြို့နယ်ဖက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားမှာ ကို စိုးရိမ်ပြီး အချို့ကျေးရွာက ပြည်သူတွေဟာ လားရှိုးမြို့ကို တိမ်းရှောင်နေတာတွေ ရှိနေပါတယ်။

ဒီလ ၉ရက်နေ့ကလည်း အမေရိကန်သံရုံးအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက သံရုံးတွေက ရခိုင်ပြည် မြှောက်ပိုင်းက ပဋိပက္ခဖြစ်ရာဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ တိုက်တွန်းတဲ့ ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG