သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံးကိုးဒေသ စစ်တပ်ထိန်းချုပ်နိုင်ပေမယ့် ဒေသခံတွေပြန်နိုင်ရေး အခက်အခဲတွေ့


ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်
ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြား ဒေသအနှံ့မှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ဖေါင်းဆိုင် မုံးကိုး၊ ဟေမိုးလုံ နမ္မတူအစရှိတဲ့ သောင်းနဲ့ချီတဲ့ဒေသခံ ကျေး ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ တပ်မတော်ကနေ မုံးကိုးဒေသကိုထိမ်းချုပ်နိုင်ပြီးဆိုပေမဲ့ ဒေသခံ တွေနေရပ်ရင်းကိုပြန်ဖို့အခက်တွေ့နေတယ်လို့လဲဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသအတွင်း မြန်မာ့တပ်မတော်ကနေ ဒေသကို ပြန်လည်ထိမ်းချုပ်နိုင်ပြီးဆိုပေမဲ့ တရုတ်နိုင်ငံတွင်းကိုတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတွေ နေရပ်ရင်းကို မပြန်နိုင် သေးဘူးလို့ မုံးကိုးဒေသခံ ဦးတီတီ နောင်လတ်ကပြောပါတယ်။

“အခုမြို့အတွင်းမှာ ငြိမ်တယ်လို့ပြောရမလား တချို့ပြည်သူတွေက ဘယ်သူမှ မပြန်သေးဘူး။ အခြေအနေမကောင်းသေးလို့။ ကျနော်တို့လို မုံးကိုး၊ ဖေါင်းဆိုင် က လူတွေပေါ့. ၂ သောင်းကျော်လောက်ရှိမယ်လို့ သိရတယ်။ တပ်ကလည်း လောလောဆယ်မဝင်ကြနဲ့ပြောတယ်လို့ သိရတယ်။ အိမ်ကလည်းအကုန်ပျက်စီးကုန်ပြီ၊ ဘယ်သူ့အိမ်တွေပျက်စီးသွားတယ်၊ ရှိလားမရှိတော့ဘူးလားဆိုတာ မသိဘူး တဘက်ကမ်းမှာရောက်နေလို့။ မျှော်လင့်တာကတော့ တပ်မတော်ကရောက်လာရင် ကောင်းမယ်လို့ယူဆတာ အခုက တပ်မတော်ကရောက်လာတာနဲ့ အကုန်မီးရို့ ၊ စပါးပုံတွေ မီးရို့တယ်လို့ ။ မီးခိုးထွက်တာက မြင်တာ ဒါပေမယ့် ဘယ်အိမ်တွေက ဘယ်လိုဖြစ်တယ်ဆိုတာလည်း ကောင်းကောင်းမသိရဘူး။”

ပြီးခဲ့တဲ့နိုဝင်ဘာလ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဖေါင်းဆိုင်၊ မုံးကိုး ဟေမိုးလုံအစရှိတဲ့ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းနီးပါးဟာ စစ်ဘေးလွတ်ရာ တရုတ်နိုင်ငံထဲကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။

နှစ်ပတ်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ မုံးကိုးမြို့အတွင်းမှာတော့ ယမနေ့ညနေပိုင်းလောက်မှာ မြန်မာ့တပ်မတော် ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒီဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ ဒေသခံတွေထိခိုက်မှုရှိခဲ့တယ်လို့ ဦးတီတီနောင်လတ် ကဆက်ပြောပါတယ်။

“စဖြစ်တဲ့နေ့မှာဆိုရင်တော့ ဖာကန်ကျောင်း ကျောင်းစောင့်ပေါ့ ယောကျ်ား ၁ ယောက်၊ မိန်းမ ၁ ယောက် လင်မယား ၂ ယောက် သေဆုံးသွားတယ်။ ကျနော်တို့ ကျူကုတ် ပန်ဆိုင်းမှာလည်း ၄ ယောက်ကျဆုံးတယ် သင်းထောက်ဆရာ ၁ ယောက်ပါတယ် နမ့်တောင်းက ။ မုံးကိုးက အရပ်သား ကချင်ကောင်လေး၁ယောက်လည်း ကျဆုံးတယ်။ တနင်္ဂနွေနေ့မှာ ကောင်းလုံ ကျေးရွာက ပလောင်လူမျိုးပေါ့ ၃ ယောက်ဆုံးတယ် ၆ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျနော်တို့ ဆေးရုံဘက်ကို ပို့ထားပါတယ်။”

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့တော့ ကန့်သတ်စစ်ပွဲကိုသာဆင်နွှဲနေတာဖြစ်ပြီး မုံးကိုးမြို့ကိုရေရှည် ထိန်း ချုပ်ဖို့ရည်ရွယ်ချက်မရှိသလို ဒေသခံတွေထိခိုက်မှုကိုရှောင်ရှားဖို့ မုံးကိုးမြို့ကနေဆုတ်ခွါခဲ့တယ်လို့ တာဝန်ရှိ သူတွေ ကပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နဲ့နမ္မတူမြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ် ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် နမ္မတူမြို့အတွင်းရွာသား(၁၂၀၀)ခန့် စစ်ဘေးတိမ်းရှောင်ရောက်ရှိ နေ တယ်လို့ နမ္မတူမြို့ဒုက္ခသည်အကူညီပေးရေးကော်မီတီ ဒုဥက္ကဌဦးစိုင်းဘဉာဏ်ကပြောပါတယ်။

“ကျနော်တို့ အခုလောလောဆယ် လူဦးရေက စခန်း(၅)ခုမှာ ၁၂၉၆ ခုလောက်ရှိတယ် သူတို့က တိုက်ပွဲတွေဖြစ်လို့ ရှောင်လာကြတယ် စစ်ရှောင်တွေပေါ့ ။ ကျနော်တို့ဒီ မန်တုံမြို့နယ် မိုင်းမော်ဒေသတွေမှာပေါ့ မိုင်းမော်ဒေသဆိုရင် ရွာတွေကတော့ နမ့်ဟိုင်း၊ နားလွင်တို့ ရွာတွေက အများကြီးခင်ဗျ။ တိုက်ပွဲက ကျနော်တို့တပ်မတော်နဲ့ တပ်ပေါင်းစု နဲ့ပေါ့။

ဒီစစ်ပြေးဒုက္ခသည်တွေကို နမ္မတူမြို့ ဒုက္ခသည် စခန်း(၅)ခုမှာ နေရာချထားပေးတယ် လို့သူကဆိုပါတယ်။

လက်ရှိ မန်တုံမြို့နယ် နဲ့နမ္မတူမြို့နယ်တွေမှာ တပ်မတော်နဲ့TNLA တအာင်းပလောင် တပ်ဖွဲ့တွေအကြား ရက်ဆက်ဆို သလို တိုက်ပွဲတွေဖြစ်ပွါးနေတဲ့အခြေအနေကြောင့် နေရပ်ရင်းကိုပြန်ဖို့အခက်တွေ့နေဆဲလို့ ဦးစိုင်းဘဉာဏ်က ပြော ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ KIA၊ TNLA၊ MNDAA နှင့် AA လက်နက်ကိုင် လေးဖွဲ့အနေနဲ့ စစ်မှန်ပြီး မျှတတဲ့ နိုင်ငံရေးဆွေးနွေးမှုအတွက် စစ်ရပ်စဲရန်အဆင်သင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၄ရက်က ပူးပေါင်း ထုတ်ပြန် ကြေ ညာခဲ့ပါတယ်။

လက်ရှိအနေအထားအရ မြန်မာ့တပ်မတော်အနေနဲ့ TNLA၊ MNDAA နှင့် AAစတဲ့လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကို NCA အပစ်ရပ်လက်မှတ်ရေးထိုးရေးမှာကန့်သတ်ထားတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဟန့်အတားတခုလိုဖြစ်နေတယ်လို့ ရှမ်ပြည်အရေး လေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကဆိုပါတယ်။

“မူလကတည်းကလည်း ဒီ ၃ ဖွဲ့ကို သူတို့ ချန်ထားခဲ့ချင်တာ ချန်ထားခဲ့ပြီးတော့ KIA ကသာ လက်မှတ်ထိုးမယ်ဆိုရင် NCA လက်မှတ်ထိုးမယ့်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေသွားမယ်။ ဒီ ၃ ဖွဲ့ကိုတော့ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ပါတယ် ဆိုတာမကြေညာရင် NCA လက်မှတ်ထိုးခွင့်မပြုဘူး အပြုတ်တိုက်ချင်တဲ့ ရည်ရွယ်ချက် တပ်မတော်မှာရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင်စေချင်တဲ့ ဆန္ဒရှိပေမယ့်လည်း တပ်မတော်ကို နိုင်အောင်ပေါ့နော် လက်ခံလာအောင် မစည်းရုံးနိုင်ခဲ့ဘူး။

၂ပတ်အကြာစစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်းမှာ ဒီရက်ပိုင်းအတွင်းမြန်မာ့တပ်မတော်ကနေမုံးကိုးဒေသကိုထိမ်းချုပ်ထားနိုင်တာကြောင့် တိုက်ပွဲရပ်တန့်နေတယ်ဆိုပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရပ်မပြန်နိုင်သေးသလို နယ်မြေအေးချမ်းမှုမရှိသေးလို့ လုံခြုံရေးအတွက်အာမခံချက်မရှိသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေအင်အားအသာစီးနဲ့ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မုံးကိုးတပ်စခန်းကို မြန်မာ့တပ်မတော် စစ်ကူစစ်ကြောင်းတွေကနေ ထိုးဖေါက်ကျော်လွှားပြီး ဒီဇင်ဘာ(၄)ရက်ညနေပိုင်းမှာ မုံးကိုးတပ်စခမ်း နဲ့ပူးပေါင်းနိုင် သလို မုံးကိုးမြို့ကိုလည်း ထိန်းချုပ်နိုင်ပြီးလို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကသတင်း ထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG