သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တရုတ်နိုင်ငံ အခန်းကဏ္ဍ


၂၁ ရာစုပင်လုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (myanmar state counsellor office)
၂၁ ရာစုပင်လုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (myanmar state counsellor office)

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်လို့ အစိုးရအဖွဲ့ အဆင့်မြင့် တာဝန် ရှိသူတဦးက ပြောပါတယ်။ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲမှာ မြောက်ပိုင်း မဟာမိတ်လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပါဝင်တက်ရောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံက အဓိက ကြားဝင် စေ့စပ်ပေးခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုတာပါ။ တချိန်ထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ကူညီနိုင်တာကို ကူညီနေတယ်လို့ ပြောသလို ဥရောပသမဂ္ဂ EU ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံပံ့ပိုးသွားမယ်လို့ပြောပါတယ်။ အပြည့်အစုံ ကို နေပြည်တော်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဟာ ညီလာခံစဖို့ တရက်အလို အင်္ဂါနေ့ညနေပိုင်းမှာမှ ညီလာခံကျင်းပမယ့် နေပြည်တော်ကို ရောက် လာကြတာပါ။ ပြောရမယ်ဆိုရင် နောက်ဆုံးအချိန်ပိုင်းကျမှ ရောက်လာတယ်လို့ ဆိုရမှာပါ။ ဒီ ၇ ဖွဲ့ အခုလိုတက်ရောက်နိုင်အောင် တရုတ်နိုင်ငံက အဓိက စေ့စပ် ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။ TNLA တအာင်း ပလောင်တပ်ဖွဲ့ရဲ့ ဒုတိယဥက္ကဌ၊ ဗိုလ်မှူးချုပ် တာဂျူတ်ဂျားက တရုတ်နိုင်ငံကို ကျေးဇူးတင်စကားဆိုပါတယ်။

“အဆင်ပြေပါတယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ ဖေးမစောင့်ရှောက်တဲ့အပေါ်မှာ အများကြီးကျေးဇူးတင်ပါတယ် ပေါ့နော်။”

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက် တရုတ်နိုင်ငံမပါဘဲနဲ့ မဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုး လုံးဝမဟုတ်ပေမဲ့လဲ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့သမိုင်းကြောင်းပြန်ကြည့်လိုက်ပေါ့နော် မြန်မာပြည်ကွန်မြူနစ်ပါတီ ဘာကြောင့် ဦးနေဝင်းလက်ထက်မှာ ဘာကြောင့်ချုပ်ငြိမ်းသွားရသလဲပေါ့နော်။ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျနော်တို့ ပထဝီနိုင်ငံရေးအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျနော်တို့ အိမ်နီးချင်းကို လဲလှယ်လို့မရပါဘူး။ လဲလှယ်လို့မရတဲ့အပေါ်မှာ ကျနော်တို့နိုင်ငံရဲ့အကျိုးစီးပွားပေါ့နော် National Interest ကိုဘယ်လိုမြင့်တင်မလဲဆိုတဲ့အချက်က အဓိက ဖြစ်ပါတယ်။ နောက်တချက်က တရုတ်နဲ့ ကျနော်တို့သည် အစဉ်အလာ အိမ်နီးချင်းမဟာမိတ်နိုင်ငံတွေဖြစ်ပါတယ်။ နောက်ဆုံးဘက်စုံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ အဲဒီတော့ကျနော်တို့ ကမ္ဘာ့အခင်းအကျင်းပေါ့ဗျာ နောက်ဆုံးနိုင်ငံတကာ အစီအစဉ်ပေ့ါ ဒီအနေအထားတွေက ကြည့်လိုက်ပါ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက နိုင်ငံတကာမှာလည်း အရေးပါတဲ့ကဏ္ဍမှာရှိပါတယ်။ အလားတူပဲ အာဆီယံမှာလည်း အရေးပါတဲ့ကဏ္ဍရှိသလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍရှိပါတယ်။ သို့သော် ကျနော်တို့ နိုင်ငံရဲ့မူဝါဒ ၂ နိုင်ငံကြားမှာရှိတဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှု မူကြီး ၅ ရပ်နဲ့အတူ ဒါတွေကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ တရုတ်နိုင်ငံက နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုက တော့ ကူညီနိုင်တာကို ကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။

“ကျနော်တို့ လိုချင်တာ ငြိမ်းချမ်းရေးပါ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရတာကို ကျနော်တို့ မြင်ချင်ပါတယ်။ သက်ဆိုင်သူတွေ အများ ကြီးပါနေပြီးတော့ ပဋိပက္ခ ဖြစ်နေတာ သိပ်ကြာနေပြီ ဖြစ်တာကြောင့် လုံလောက်တဲ့ ယုံကြည်မှု မရှိတဲ့အတွက်ကြောင့်ကိုပဲ ဒါက ခက်ခဲတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါဟာ မြန်မာ့လုပ်ငန်းစဉ်ဆိုတာကို ကျနော်တို့ စိတ်ထဲမှာ အမြဲမှတ်ထားပါတယ်။ ဒါကြောင့် ကျနော်တို့ ဝင်စွက်ဖက်တာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ တခါတလေ နည်းလမ်းပိုင်း အထောက်အကူပြုတာလို ကျနော်တို့ ကူညီနိုင်တာတွေကို ကူညီပါတယ်။ ဥပမာ ဖယ်ဒရယ်ဝါဒနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေဟာ ဘာတွေဆိုတာတွေကို အဖွဲ့တွေ နားလည်စေဖို့ ကူညီပါတယ်။”

ဥရောပသမဂ္ဂ EU အနေနဲ့လဲမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးအရရော၊ ဘဏ္ဍာရေးပိုင်းအရပါ ထောက်ခံပံ့ပိုးပေးနေပြီး ဆက်ပြီး ထောက်ခံသွားပါမယ်လို့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးက လူထုဆက်ဆံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Valerie Zir က ဗွီအိုအေကိုပြောပါတယ်။

“မြန်မာ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ကိုယ်တိုင်ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် EU အနေနဲ့အပြည့်အ၀ လေးစားတဲ့အကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနာဂတ်မှာလဲ ဆက်ပြီး ပံ့ပိုးကူညီသွားမယ်ဆိုတာ မကြာသေးခင်က ဘရပ်ဆဲလ်စ်မြို့တော်ကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ချိန်အတွင်း ဥရောပကောင်စီဥက္ကဌ Donald Tusk နဲ့ EU ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini က ထပ်လောင်း အာမခံပြောဆိုခဲ့တဲ့အကြောင်း” ရန်ကုန် EU ရုံးက တာဝန်ရှိသူတဦးဖြစ်တဲ့ Valerie Zirl က ပြောသွားတာပါ။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ဒီကနေ့ညီလာခံဖွင့်ပွဲကို တက်ရောက်လာပေမဲ့လဲ ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဆက်ပြီး ပါဝင်လာဖို့အတွက်လဲ ကြားဝင်စေ့စပ်ပေးမယ့် တတိယနိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်းတခုခုပေါ်လာမှပဲ ဖြစ်နိုင်ခြေရှိလာမှာလားဆိုတာကတော့ အဖြေ မထွက်သေးတဲ့ မေးခွန်းတခုအဖြစ် ဆက်ရှိနေဆဲပါပဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG