သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ပင်လုံညီလာခံ မိန့်ခွန်းကောက်နုတ်ချက်များ


 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြော (myanmar state counsellor office)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြော (myanmar state counsellor office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံံ ဒုတိယအကြိမ်အစည်းအဝေးကို ဒီကနေ့ကနေစပြီး နေပြည် တော်မှာ ၄ ရက်ကြာ ကျင်းပနေပြီဖြစ်ပါတယ်။ ဒီကနေ့ဖွင့်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ၊ လွှတ်တော်ဥက္ကဌတွေအပြင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌတို့ကပါ အသီးသီးမိန့်ခွန်း ပြောခဲ့ပါ တယ်။ ဒီမိန့်ခွန်းတွေရဲ့အနှစ်ချုပ်ကို ညီလာခံမှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ ကိုစည်သူက ပြောပြပါမယ်။

ညီလာခံဖွင့်ပွဲမှာပြောတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ဦးတည်လေ ျှာက်လှမ်းနေတဲ့ ပန်းတိုင်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးရေး၊ လက်ခံကျင့်သုံးနေတဲ့ ညှိနှိုင်းဆောင်ရွက်ရေးမူဆိုပြီး အဓိက ရည်မှန်းချက် ၃ ရပ်ကို ပြောသွားပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးဟာ ပန်းတိုင်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ NCA နဲ့ပတ်သက်လို့တော့ -

“NCA ကို ဆွေးနွေးညှိနှိုင်းခဲ့စဉ်က ကျွန်မတို့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အစိုးရတစ်ရပ်ရဲ့ တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်အဝနဲ့ လက်ခံရယူပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့ ဒီလမ်းကြောင်းကို လျှောက်လှမ်း ခဲ့ရတာဖြစ်ပါတယ်။”

NCA ဟာ လမ်းဆုံးမဟုတ်ဘဲ NCA ကနေ နိုင်ငံရေးဆွေးနွေးပွဲလမ်းစကို ဖွင့်လှစ်လိုက်တာဖြစ်တယ် လို့လဲဆိုပါတယ်။ ညှိနှိုင်း ဆောင်ရွက်ရေးမူနဲ့ ပတ်သက်လို့တော့ အခုအစိုးရဟာ လူထုကရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ ဖြစ်ပါတယ်လို့ဆိုပြီး

“အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး ကျွန်မတို့အနေနဲ့ နိုင်ငံတော်ရဲ့ရှေ့ခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာ ဖြစ်ပါတယ်။ ပေါ်ပင်အများကြိုက်မယ့် နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျွန်မတို့ လုပ်မှာမဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေး ညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA လမ်းကြောင်းကိုလျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မလိုလားခြင်းသာဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေးလမ်းစဉ်နဲ့ ပြည်ထောင်စုမှခွဲထွက်ရေး လမ်းစဉ်တို့ကိုသာ ဦးတည်နေတယ်လို့ ယူဆရမှာဖြစ်ကြောင်းပြောပါတယ်။

ပထမအကြိမ်ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်း ၇၂ စောင်မှာ တချို့တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ် ဆောင်ချက်နဲ့ အခြေခံအယူအဆတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကိုကျော်လွန်ပြီး အလွန်အကျွံ တောင်းဆိုတာတွေ ဖြစ်နေတာကိုလဲ သတိပြုမိခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုပြီး

“ဒီလို ဆောင်ရွက်ချက်မျိုးတွေဟာ ဒီမိုကရေစီ အရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့တာဝန်နဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးရဲ့ အဖွင့်အမှာစကားမှာတော့ သက်ဆိုင်သူအားလုံး တန်းတူရည်တူအခြေခံနဲ့ ပါဝင်နိုင်ရေး၊ လွှမ်းမိုးချုပ်ကိုင်မှုကင်းတဲ့ အခင်းအကျင်းကို ဖန်တီးထားရေး၊ လူမျိုးအလိုက်၊ နေရာ အလိုက် အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရေး အခြေခံ ၃ ခု ကို အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး ထောက်ပြပြောဆိုသွားပါတယ်။

“အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်မှုမှာ အရေးကြီးတဲ့ Stakeholders တွေဖြစ်တဲ့ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျန်ရှိနေသေးတယ်ဆိုတာကို အသိပေးလိုပါတယ်။ ကျနေ်ာတို့ NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။”

ဒီကနေ့ဖွင့်ပွဲမှာ လွှတ်တော်ဥက္ကဌနှစ်ဦးနဲ့ နိုင်ငံရေးပါတီတွေကိုကိုယ်စားပြုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးတို့လဲ အမှာစကားပြောကြပါတယ်။

ငြိမ်းချမ်းရေးညီလာခံရဲ့နောက်ရက်တွေမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမှာပါ။ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အခြေခံသဘောတရားတွေ၊ မူတွေကို ဆွေးနွေးချမှတ်သွားကြမှာဖြစ်ပြီး တော့ အရင်တုန်းကမဆွေးနွေးဖူးတဲ့၊ ဆွေးနွေးခွင့်ကိုမရခဲ့တဲ့ ပြည်နယ်အခြေခံဥပဒေတွေကို ရေးဆွဲရေးကိစ္စ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ဘယ်လိုအဓိပါယ်ဖွင့်မလဲ၊ ဘယ်လိုပေးကြမလဲ ဆိုတဲ့ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG