သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေရဲ့ခံစားချက်ကို နားလည်ဖို့လို


 တိုင်းရင်းသားလက်နက်ကိုင်များ
တိုင်းရင်းသားလက်နက်ကိုင်များ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် တကယ်အကောင်အထည်ဖေါ်ချင်ရင် စစ်ရေးနည်းနဲ့ ထိုးစစ်ဆင်နေမယ့်အစား၊ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပြီး အစိုးရနဲ့ တပ်မတော်က သဘောထားကြီးကြီးနဲ့ ဆွေးနွေး အကောင်အထည်ဖေါ်ဖို့ လိုမယ်လို့ ပြည်ပရောက် တိုင်းရင်းသားတချို့က ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပေမယ့် တိုင်းရင်းသားတွေအနေနဲ့ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ အနှစ်သာရကို မခံစားကြရတဲ့အတွက် ခုထိ မငြိမ်းချမ်းနိုင်သေးတာလို့ သူတို့ကပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၇ ဇန်နဝါရီ ၄ ရက်နေ့ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာခဲ့တာ ၆၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ဒီလို လွတ်လပ်ရေး ရလာခဲ့ပေမယ့် တိုင်းပြည်ကတော့ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးသလို ဖွ့ံ့ဖြိုးတိုးတက်မှုအပိုင်းမှာလဲ နောက်ကျနေတာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ကတော့ ဒီ ၂၀၁၇ ကစပြီး ဦးစားပေးလုပ်ရမယ့်ကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပြီး ပြည်သူတွေဘဝ တိုးတက်ရေးကို တဆက်ထဲ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ လူငယ်များနဲ့ နေပြည်တော်က ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က ပြောသွား ပါတယ်။

တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ် ဆိုရင်တော့ ပြည်ထောင်စု အနှစ်သာရကို တိုင်းရင်းသားတွေ ခံစားနိုင်ခွင့်ရှိဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးအောင်က ပြောပါတယ်။

“တိုင်းရင်းသားတွေအနေနဲ့ လက်နက်ကိုင်ပြီး အခုလိုတော်လှန်ရေး စလာတာလည်း ပြည်ထောင်စုရဲ့ အနှစ်သာရတွေမရလို့ ၊ စစ်ပွဲကလည်း ရှိတုန်း ဖြစ်တုန်း၊ နှစ်ပေါင်းကလည်း ၆၀ ကျော်လာပြီ။ ဒါပေမယ့်အခုက ဒေါ် အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်အတိုင်း ငြိမ်းချမ်းရေးကိုလိုချင်တယ်။ ဆိုတော့ အကောင်းဆုံးကတော့ အတူတကွဆွေးနွေးပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ကျနော်တို့ ညှိနှိုင်းဖို့လိုတယ်။ ဒါပေမယ့် အခုက ဆွေးလည်းဆွေးနွေးရင်းနဲ့ တိုက်လည်းတိုက်နေတယ်။ တိုက်တာက ပိုပြီးတော့ ဆိုးလာသေးတယ်၊ ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ပြီးတော့ ငြိမ်းချမ်းရေးရနိုင်မလဲဆိုတာကို ကျနော်တို့အနေနဲ့ တော်တော်လေး သံသယဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် တကယ်ငြိမ်းချမ်းရေးလိုချင်ရင် မတိုက်ကြပါနဲ့တော့ အခုလည်း ဆွေးနွေးနေကြပြီပဲ၊ မတိုက်ပဲနဲ့ ဆွေးနွေးကြ ။ အထူးသဖြင့် ကျနော်တို့ မြန်မာတပ်မတော်အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုတယ်။”

တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ဆိုရင် အစိုးရရော တပ်မတော်ကပါ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုနားလည်ပြီး သဘောထားကြီးကြီးနဲ့ ဆွေးနွေးဖို့ လိုတယ်လို့ ကနေဒါနိုင်ငံရောက် ကချင်တိုင်းရင်းအသင်း အတွင်းရေးမှူး ဂျွန်လာဆမ်းက ပြောပါတယ်။

“ဒီနှစ်ပေါင်း ၇၀ နီးပါးဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးအဆုံးသတ်ပြီးတော့ တပြည်လုံးငြိမ်းချမ်းရေး ရရှိဖို့ဆိုရင်တော့ ဒီလက်ရှိအာဏာရ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသားတွေရဲ့ ခံစားချက်တောင်းဆိုချက်တွေကို ပိုပြီးတော့ နားလည်သဘောပေါက်ဖို့နဲ့ သဘောထားကြီးကြီးပေါ့ဗျာ တွေ့ဆုံဆွေးနွေး လက်တွေ့အကောင်အထည်ဖော်သင့်တယ်လို့ ကျနေ်ာမြင်ပါတယ်။ ပြီးတော့ ဒီ လက်ရှိအာဏာရ NLD အစိုးရအနေနဲ့ မျှမျှတတ၊ ရဲရဲဝံ့ဝံ့ပြောဆိုဆွေးနွေး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။”

မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကပါ စစ်ပွဲကို အဆုံးမသတ်နိုင်သေးတာဟာ နှစ်ဖက်စစ်ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ ရယူထားတဲ့ သြဇာအရှိန်အဝါကို မစွန့်လွှတ်နိုင်တာကြောင့် ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဒေါက်တာ စိုင်းထွေးအောင်က အခုလို မြင်ပါတယ်။

“မြန်မာ့တပ်မတော် သြဇာအာဏာလွှမ်းမိုးဖို့ ဆိုတာက စစ်ကို ရှိနေမှ သူကအလုပ်ရှိမယ်။ နောက်ပြီးတော့ မြန်မာပြည်တပြည်လုံးမှာ မြန်မာ့တပ်မတော်မရှိလို့မရဘူး၊ ဆိုတဲ့ပုံစံမျိုးနဲ့ ဒီစစ်ကိုလည်း ဗန်းပြနိုင်ရမယ် ဆိုတဲ့ ပုံစံလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးလိုလားတယ် ၊တကယ်ပဲ သူပြောတဲ့ စကားစစ်မှန်တယ် ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် စစ်မတိုက်ဖို့ပဲ။ ဒီကချင်ပြည်၊ ရှမ်းပြည် တွေမှာ စစ်ကိုဆက်တိုက်ပြီးတော့ နေရာအနှံ့ control ယူထားမယ်၊ NCAထိုးပြီးရင် သူယူထားတဲ့ စစ်စခန်းတွေက သူ့စခန်းတွေပဲဆိုရင် ဒီတိုင်းရင်းသားတွေအနေနဲ့ဘယ်လိုမှ ထပ်ပြီး လှုပ်ရှားလို့မရအောင် သူက Control လုပ်ချင်တဲ့သဘောလည်းရှိတယ်။ ဒါကြောင့်လည်း သူက စစ်ကို အခုအကြီးအကျယ်လုပ်ပြီးတော့ ထိန်းသိမ်းထားနိုင်အောင် သူလုပ်ထားတယ်ဆိုတာကိုလည်း ကျနော်တို့ မြင်မိတယ်။”

လက်ရှိ NLDအစိုးရကတော့ ငြိမ်းချမ်းရေးရဖို့ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပပြီး ကြိုးစားဆောင်ရွက်နေပေမယ့် အဲဒီဆွေးနွေးမှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်နိုင်ဖို့အတွက် ကန့်သတ်ချက်တွေက အဟန့်အတားတွေ ဖြစ်စေတယ်လို့ ဂျွန်လာဆမ်းက ပြောပါတယ်။

“ကျနော်တို့ ကြိုတင်သတ်မှတ်ချက်တွေထားမယ်ဆိုရင်တော့ ကျနော်တို့အခက်အခဲတွေအများကြီး လိုရာပန်းတိုင် မရောက်နိုင်ဘူးပေါ့ဗျာ။ အချင်းချင်း ကန့်သတ်ချက်တွေကို ဖယ်ရှားပြီးတော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ မျှော်လင့်ထားတဲ့ ငြိမ်းချမ်းရေး ရမယ်လို့ မျှော်လင့်ပါတယ်။ ဥပမာပြောရရင် ငြိမ်းချမ်းရေး ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါးကြိုးစားခဲ့ပြီးပြီပေါ့ဗျာ၊ လက်တွေ့မကျတဲ့အတွက်ကြောင့် ကျနော်တို့ ငြိမ်းချမ်းရေးအခုအချိန်အထိ မရတာပေါ့ဗျာ။ အဲဒီတော့ ထိုးစစ်ဆင်မှုတွေကို ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာမျိုးကိုလုပ်မယ်ဆိုရင် တိုင်းပြည်တခုလုံးပိုပြီးတော့ တိုးတက် အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။”

တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့်အရေးတွေ မခံစားနိုင်သ၍ ၊ သူတို့ ခံစားနေရတဲ့ နစ်နာမှုတွေကို မဖြေရှင်းပေးနိုင်သ၍ ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်လို့ တိုင်းရင်းသားတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG