သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ ဒေသခံတွေ နှိပ်စက်သည့် ရဲအရာရှိတွေကို စုံစမ်းဖော်ထုတ်


လုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)
လုံခြုံရေးရဲများ (ဇွန်လ ၂၀၁၂)

ရခိုင်ပြည်နယ်အတွင်း ဒေသခံတချို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့က ရိုက်နှက် စစ်ဆေးနေတဲ့ ဗွီဒီယိုတွေ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့တဲ့ကိစ္စကို စုံစမ်း စစ်ဆေးပြီးတဲ့နောက် ပါဝင်ပတ်သက်တဲ့ ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တွေနဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ တာဝန်ရှိသူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ကိုးတန်ကောက်ကျေးရွာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၅ ရက်နေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ရိုက်နှက် ကန်ကျောက်တဲ့ မှတ်တမ်း ဗွီဒီယိုတွေ ဒီဇင်ဘာလ ၃၁ နေ့ညက ပေါ်ထွက်လာပြီး နောက်တနေ့မှာပဲ သက်ဆိုင်ရာ တပ်ဖွဲ့တွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေးပြီးတဲ့နောက် တာဝန်ရှိသူ ရဲအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကြေညာချက်ထဲမှာ ဖြစ်စဉ် အသေးစိတ်နဲ့ တပ်ဖွဲ့အမည် နံပတ်တွေအပြင် ပါဝင်ပတ်သက်တဲ့ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တွေကိုပါ အသေးစိတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီကိစ္စမှာ တာဝန်ရှိသူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒါ မနေ့ညက ပြန့်တယ်ပေါ့နော် ကျနော်တို့တွေ့တယ်။ ကျူးလွန်တဲ့လူတွေပေါ့နော် အဲဒီ ဗွီဒီယိုဖိုင်မှာပါတဲ့ အဖွဲ့ ဒီလိုမျိုး မသင့်မလျော် ချိုးဖောက်မှုတွေလုပ်တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေပေါ့နော်။ အဆင့်ဆင့်ကတော့ ကျနော်တို့ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့ ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပါတယ် တကယ်လို့ ကျူးလွန်ခဲ့တယ်ဆိုရင်တော့။”

မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ တပ်မတော် စစ်ကြောင်းတွေက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တဝိုက်မှာရှိတဲ့ ကျေးရွာတချို့ကို နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်စဉ်အတွင်း ဒေသခံ အကြမ်းဖက်သမားတွေရဲ့ ခုခံ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သလို နှစ်ဖက် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ကင်းစခန်းကို တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတချို့ကိုလည်း တပ်မတော်ဘက်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့အတွက် အစိုးရအနေနဲ့ အခြေခံမူ ၃ ရပ်ကို ချမှတ်ပြီး သတိထား ကိုင်ကွယ်နေသလို အဲဒီအတိုင်း လိုက်နာကြဖို့လည်း ညွန်ကြားချက် ထုတ်ပြန်ထားကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့ မူလကတည်းကအတိုင်း မောင်တောအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ပြန်လည် ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ မူဝါဒ ၃ ချက်ချမှတ်ထားတယ်။ နံပတ် ၁ ဒီကိစ္စတွေက အရမ်းထိလွယ်၊ ရှလွယ် ပဋိပက္ခ တွေကို အခြေခံပြီးတော့ဖြစ်နေတာဖြစ်တဲ့အတွက် ကျနော်တို့ သတိကြီးကြီးထားဖို့အတွက် မူဝါဒ ၁ ပါ။ မူဝါဒ၂ ကတော့ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင်ဆောင်ရွက်ဖို့၊ နံပတ် ၃ အချက်ကတော့ ဥပဒေနဲ့အညီဆောင်ရွက်ဖို့။ ဒီမူဝါဒက နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒ၊ အဲဒီမူဝါဒကို တပ်မတော်ဘက်ကလည်း အဆင့်ဆင့်ပေါ့နော် သူတို့ ဆက်လက်ပြီးတော့ ညွန်ကြားထားပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အဆင့်ဆင့် ညွှန်ကြားထားပြီးသားဖြစ်တယ်။ အကယ်၍ ကျနော်တို့ ချထားတဲ့အတိုင်း တကယ်လို့ ဖြစ်လာခဲ့ရင်တော့ အရေးယူမယ်ဆိုတာ ပြောထားပြီးသားဖြစ်တယ်။ အဲဒါကိုလည်း ကျနော်တို့ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်လည်း အချိန်မရွေးအစစ်ခံနိုင်အောင် သူဆောင်ရွက်ထားတယ် ဆိုပြီးတော့ ဆောင်ရွက်ဖို့ လမ်းညွန်ခဲ့တယ် အဲဒီမောင်တောကို ကိုယ်တိုင်သွားရောက်စဉ်မှာပဲ။ အဲဒီလို လမ်းညွန်ထားတဲ့အပေါ်မှာ ဒီဗွီဒီယိုဖိုင်ပြန့်နှံ့လာတယ်။”

လက်ရှိအချိန်မှာတော့ ရိုက်နှက် ကန်ကျောက်တဲ့ကိစ္စမှာ ပါဝင်တဲ့ ရဲမှူး ရဲထွန်းနိုင်၊ ဒုရဲအုပ် တေဇာလင်း၊ ဗွီဒီယိုမှတ်တမ်းရိုက်ကူးသူ ဇော်မျိုးထိုက်နဲ့ တခြား ရဲတပ်ဖွဲ့ဝင်တဦး၊ ပေါင်း ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပြီး တခြားသူတွေကို ဆက်လက် စုံစမ်း ဖော်ထုတ်ဆဲဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ခံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG