သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ အီတလီဝန်ကြီချုပ် ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည် နဲ့ အီတလီဝန်ကြီချုပ် ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး (MOFA)
ဒေါ်အောင်ဆန်းစုကြည် နဲ့ အီတလီဝန်ကြီချုပ် ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး (MOFA)

အီတလီနဲ့မြန်မာနိုင်ငံကြား စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ကိစ္စတွေမှာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီဝန်ကြီးချုပ် Paolo Gentiloni တို့ဆွေးနွေးခဲ့ကြပါတယ်။ အီတလီခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၄ ရက်၊၊ ကြာသပတေးနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီဝန်ကြီးချူပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပုပ်ရဟန်းမင်းကြီးတို့နဲ့ သီးခြားစီတေ့ွဆုံခဲ့တဲ့အပြင်၊ အီတလီအထက်လွှတ်တော်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အခုလက်ရှိဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့တော်ဆီမလာခင် ကြာသပတေးနေ့က အီတလီဝန်ကြီးချုပ် Paolo Gentiloni နဲ့တွေ့ဆုံခဲ့ပါတယ်။ Chigi နန်းတော်မှာ ဝန်ကြီးချုပ် Gentiloni ကဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့တေ့ွဆုံခဲ့တာပါ။ ၂ နိုင်ငံကြား ဆက်ဆံရေးခိုင်မာဖို့နဲ့ အီတလီကမြန်မာနိုင်ငံအတွက်အကူအညီတွေပေးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အီတလီ-မြန်မာချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carlo Ferrari ကခုလိုပြောပြပါတယ်။

“ဝန်ကြီးချုပ် Gentiloni နဲ့တေ့ွဆုံပွဲမှာ အီတလီနဲ့ မြန်မာ ဆက်ဆံရေးတိုးတက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးပိုင်းအတွက် အီတလီကထောက်ပံ့ကူညီဖို့၊ ရှေးဟောင်းအဆောက်အဦးနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပိုင်းမှာ နာမည်ကျော်တဲ့ အီတလီက မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းရေးအတွက် ကျွမ်းကျင်အကူအညီတွေပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပိုင်း တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။ အီတလီကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံက စီးပွားရေးစွန့်ဦးတည်ထောင်သူတွေ တွေ့ဆုံတဲ့ အလုပ်ရုံဆွေးနွေးပွဲကို အီတလီနိုင်ငံခြားရေးဌာနရဲ့ စီစဉ်ပေးမှုနဲ့ မကြာခင်ကပဲလုပ်ခဲ့တယ်ဆိုတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပိုင်းမှာလည်း တိုးတက်နေပုံရပါတယ်။ အီတလီနဲ့ မြန်မာကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးမှာ အသိအမှတ်ပြုပြောခဲ့ပါတယ်။”

ဒါကတော့ အီတလီဝန်ကြီးချုပ် Paolo Gentiloni နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့ကြစဉ် ဆွေးနွေးကြတဲ့အကြောင်းတွေဖြစ်ပါတယ်။

မေလ ၄ ရက်နေ့မှာပဲ အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ တွေ့ဆုံပွဲမှာတော့ ရခိုင်ပြည်နယ်က အခက်အခဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရေစီအသွင်ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ ပြည့်ဝပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကိုတည်ဆောက်နိုင်ရေးအတွက် စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာကို အီတလီကသိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Alfano ကဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ အီတလီနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

တင်းမာမှုတွေလျော့နည်းရေးအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအရေးကြီးတဲ့အကြောင်းတွေအပြင် အုပ်ချုပ်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေတိုးတက်ရေးတို့အပြင် လူမှုပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် ခရီးသွားလုပ်ငန်းတွေအတွက် အီတလီက မြန်မာနိုင်ငံကို အကူအညီပေးမယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano ကပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ Vatican ကိုသွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်းကြာသပတေးနေ့က တေ့ွဆုံခဲ့ပါတယ်။ မြန်မာနဲ့ Vatican ၂ နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေး တည်ထောင်ပြီး အပြန်အလှန်သံရုံးတွေထားရှိဖို့ သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Roman Catholic အသင်းတော်ရဲ့ အခန်းကဏ္ဍကို ထောက်ခံတယ်ဆိုတာကို ပုပ်ရဟန်းမင်းကြီး Francis က ရဟန်းအမတ် Cardinal Charles Maung Bo ကို တာဝန်ပေး ခန့်အပ်ပြသခဲ့ပြီးဖြစ်တယ်လို့ Carlo Ferrari ကပြောပါတယ်။ အခုလို သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်လိုက်တဲ့အတွက် ဘာသာရေးနဲ့ လူမျိုးရေးလူနည်းစုတွေကိုယ်စား Vatican က ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ဆွေးနွေးမှုတွေလုပ်နိုင်မယ်လို့ Mr. Ferrari ကပြောပါတယ်။

“အရှေ့တောင်အာရှမှာ Roman Catholic ဘာသာဝင်တွေတိုးလာတဲ့အတွက် အသင်းတော်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ထင်ပါတယ်။ ဒါ့အပြင် Vatican နဲ့သံတမန်ဆက်ဆံရေးရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အပြည့်အဝကျင့်သုံးတဲ့ နိုင်ငံဖြစ်လာရေးအတွက်လည်း အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် Catholic အသင်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးက တရားဝင်လမ်းကြောင်းကနေ ပံ့ပိုးကူညီနိုင်တော့မှာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာကို ကမ္ဘာဝန်းကလူမျိုးပေါင်းစုံကိုးကွယ်နေကြတာပါ။ မတူကွဲပြားတဲ့ Catholic ဘာသာဝင်လူမျိုးတွေ၊ တိုင်းရင်းသားတွေကြား ဆွေးနွေးမှုရဲ့ အသိပညာတွေကို မြန်မာနိုင်ငံက ရရှိနိုင်ပါတယ်။ ဒါ့အပြင် တရားဝင် Vatican သံရုံးရှိတဲ့အတွက် နောင်မှာ ပိုပြီးထိထိရောက်ရောက် ကူညီနိုင်မှာဖြစ်ပါတယ်။”

အီတလီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်လွှတ်တော်မှာကျင်းပတဲ့ နိုင်ငံတကာပါလီမန်အမတ်များညီလာခံမှာလည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ နိုင်ငံပြောင်းအခြေချသူတွေနဲ့ အမျိုးသမီးများအရေးကိုအသားပေးဆွေးနွေးကြတဲ့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်လို့လည်း အီတလီ-မြန်မာချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carlo Ferrari ကခုလို ပြောပြပါတယ်

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး မိန့်ခွန်းပြောသွားခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းလောက် အလုပ်လုပ်နေကြရတဲ့ အခြေအနေကို သူကပြောပြသွားပါတယ်။ ဒါ့အပြင် စစ်ပွဲတွေကြောင့်၊ စီးပွားရေးအခြေအနေကြောင့် ကိုယ်နေတဲ့ဒေသကို စွန့်ခွာနေကြသူတွေ ပိုပိုများလာနေချိန်မှာ သူတို့ဘဝတွေတိုးတက်ရေးအတွက် ဘယ်လိုအဖြေရှာမလဲဆိုတဲ့အကြောင်းကိုလဲ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ လူတွေထွက်သွားစရာ မလိုအောင်အခြေအနေတွေ ဖန်တီးပေးဖို့၊ ရွှေ့ပြောင်းအခြေချသူတွေ ရောက်ရှိနေတဲ့နိုင်ငံတွေမှာ အခြေအနေတိုးတက်အောင်လုပ်ဖို့လိုတဲ့အကြောင်းတွေကိုလည်း ပြောသွားပါတယ်။ ဒါ့အပြင်သူတို့အပေါ် လူသားဆန်စွာ အကူအညီပေးဖို့လိုအပ်တဲ့အကြောင်းတွေကို ပြောသွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၄ ရက်နေ့မှာပဲ ၂ ရက်ကြာ အီတလီခရီးစဉ်ကို အဆုံးသတ်ပြီး ဗြိတိန်နိုင်ငံကို ခရီးဆက်သွားပါပြီ၊ ၁၀ ရက်ကြာမယ့် ဗြိတိန်ခရီးစဉ်အတွင်းမှာတော့ ဗြိတိန်အစိုးရတာဝန်ရှိသူတွေနဲ့ တေ့ွဆုံဖို့ရှိသလို မိသားစုအတွက်လည်း အချိန်ပေးမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG