သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၃နှစ်ကြာရောင်းစားခံခဲ့ရတဲ့ မြန်မာအမျိုးသမီး


လွန်ခဲ့တဲ့ ၁၃ နှစ်က လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှာ ရောင်းစားခံခဲ့ရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတဦးကို တရုတ်-မြန်မာ နှစ်ဘက် ပူးပေါင်းပြီး ကယ်တင်လိုက်နိုင်ပါတယ်။ လူကုန်ကူးခံရသူအများစုဟာ တဖက်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလန်း ကောင်းတယ်ဆိုပြီး လူပွဲစားတွေက သိမ်းသွင်းဖျားယောင်းပြီးတော့ လူကုန်ကူး ရောင်းစားခံကြရတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

အခုအခါ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်ဇာတိ မမေခိုင်ဦးဟာ အသက် ၁၇ နှစ်အရွယ် လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတာပါ။ မြန်မာနဲ့ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ “လူကုန်ကူး တားဆီးနှိမ်နင်းရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison office - BOL)” တို့ ပူးပေါင်းပြီးတော့ သူ့ကို ကယ်တင်လိုက်ပြီးတဲ့နောက် လက်ရှိမှာ မူဆယ်ခရိုင် လူကုန်ကူး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေ လူမှုကယ်ဆယ်ရေးဌာနကို လွှဲ ပြောင်းပေးအပ်ထားတယ်လို့ မူဆယ် လူကုန် ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရဲမှူး ဦးခင် မောင်ဦးက VOAကို ပြောပါတယ်။

“ကျနော်တို့တွေ့ဆုံမေးမြန်းပြီးလို့တောင် လူမှုဝင်ထမ်းကို အပ်ထားပြီးပြီ။ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဂေဟာမှာ ကျနော်တို့ အပ်နှံထားပြီးပြီ ၊ သင်္ကြန်ပြီးတော့ နေရပ်ကိုပြန်ပို့မှာပေါ့။”

အခုလိုပြန်လည်လွတ်မြောက်လာတာကလဲ တရုတ် မြန်မာနှစ်နိုင်ငံ လူကုန်ကူး တားဆီးနှိမ်နင်းရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံး ကနေ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်တယ်လို့လဲ ရဲမှူးဦးခင်မောင်ဦးကပြောပါတယ်။

“ကျနေ်ာတို့ကသူနဲ့ချိတ်ဆက်ပြီးတော့ ရဲစခန်းကို သွားခိုင်းလိုက်တယ်ပေါ့နော် တရုတ်ရဲစခန်းကိုသွား ၊ သူက တရုတ်စကားတတ်တော့ ရှင်းပြပြီးတော့ ပြောကြည့်ဆိုတော့ အဲဒါနဲ့ သူ့ကိုဆက်ခိုင်းတော့ သူက တရုတ်စကားကောင်းကောင်းတတ်ပြီဆိုတော့ သူက ရှင်းပြလိုက်တာ ဟိုကလက်ခံတော့ သူ့ကိုလာခေါ်တယ်။ လာခေါ်တဲ့အချိန်မှာ ကျနေ်ာတို့ဆီကို ဖုန်းဆက်တယ် သူ့ကိုရဲလာခေါ်တော့မယ်လို့ပြောတယ်၊ ကျနေ်ာ့ကိုတော့ သူက ဘဘကြီးလို့ခေါ်တယ်။ ဘဘကြီး လိုက်သွားရမလားဆိုတော့ ရဲက အန္တရာယ်အကင်းဆုံးပဲ နင်လိုက်သွားရောက်တဲ့အခါကျရင် ရဲနဲ့ ဦးတို့နဲ့ ဆက်သွယ်ပြီးပြောမယ်ဆိုပြီးတော့ သူ့ကို အဲလိုလိုက်သွားခိုင်းလိုက်တယ် ဟိုရောက်တော့ အဲဒီ ရဲစခန်း နဲ့ကျနော်တို့ ရွှေလီ BLO သွားပြီးတော့ ဖုန်းဆက်ပြောကြတာပေါ့နော်။ ကျနေ်ာတို့ဆီက လူကုန်ကူးခံရတဲ့အမျိုးသမီးပေါ့နော် ၊ ကျနေ်ာတို့ကယ်တင်ပြီး မြန်မြန်ပြန်လွှဲဖို့ ကျနော်တို့ တောင်းဆိုခဲ့ပေးတယ်။”

မူဆယ် လူကုန် ကူးတားဆီးနှိမ်နင်း ရေးရဲတပ် ဖွဲ့စုအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူ(၄၅)ဦးကိုကယ်တင်နိုင်ခဲ့ သလို လူကုန်ကူးခံရသူ အများစုရဲ့ဖြစ်စဉ် အခြေအနေကိုတော့ ရဲမှူးဦးခင်မောင်ဦးကအခုလိုဆက်ပြောပါတယ်။

“တရားခံပွဲစားတွေဆီက အခုနောက်ပိုင်းဖော်ထုတ်လို့ရတာတွေ အများစုကလေ လွန်ခဲ့တဲ့ ၃-၅ နှစ်လောက်က တရုတ်ပြည်ကိုရောက် ၊ အိမ်ထောင်ကျ အဲဒီမှာ ဘာသာစကားတွေ နားလည်လာ၊ လမ်းခရီးတွေသွားလာတတ်။ အဲဒီနားလေးမှာ မိန်းမလိုအပ်နေတဲ့ တရုတ်ယောင်္ကျားတွေရှိတဲ့ဟာကိုသိ အဲလိုမျိုးတွေအခါကျတော့ မိဘဆွေမျိုးတွေဆီ ပြန်လာမယ်ဆိုပြီးတော့ တရုတ်ယောင်္ကျားကိုခွင့်တောင်း တရုတ်ယောင်္ကျားကလည်း ၃-၄ နှစ်ရှိပြီဆိုတော့ ပေးသွား ။ ပေးသွားပြီးပြန်လာတဲ့ အခါကျတော့ သူတို့က စားနိုင်သောက်နိုင် တဲ့ဟာတွေကို ကြွားလုံးထုတ်တာပေါ့ဗျာ။ ဒီဘက်မှာတွေ အခက်အခဲပေါ်နေတဲ့လူတွေကလည်း သူတို့ဘဝတွေကို အားကျပြီးတော့ တချို့ကျတော့လည်း လိမ်ပြီးခေါ်သွားတယ်ခင်ဗျ။ ဟိုမှာ အလုပ်လုပ်တယ်ဆိုပြီးတော့။တချို့ကျတော့လည်း ဗြောင်ခေါ်သွားတယ်။ တရုတ်ယောင်္ကျားယူရမယ်၊ ၁ နှစ်ပေါင်းရမယ်၊ ဟိုမှာ ၁၀ သိန်းရမယ်၊ ၁၅ သိန်းရမယ် ဒါမျိုးတွေနဲ့ စည်းရုံးပြီးခေါ်သွားတာက များတယ်ခင်ဗျ။”

တရုတ်နိုင်ငံအတွင်းမှာ အမျိုးသားအရေအတွက်ကများနေပြီး အမျိုးသမီးရှားပါးနေမှု ပြဿနာကြောင့် အမျိုးသမီးတွေ လူကုန်ကူးခံရ တဲ့ပြဿနာ ကြီးထွားလာနေတာ လဲဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့လူကုန်ကူးခံရသူတွေကို လူမှုအသိုင်းဝိုင်းထဲ ဝင့်ဆန့်အောင် လုပ်ဆောင်ပေး ဖို့လိုအပ်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ စီမံချက်ညှိနှိုင်းရေးမှူး ဒေါ်ရင်ရင်ဟန်ကပြောပါတယ်။

“သူတို့ပြန်လည်လွှတ်မြောက်လာရင် သူတို့ကို အရင်ဆုံးတော့ မိသားစုပေါ့နော် မိသားစုထဲကို ဝင်ဆန့်အောင်လုပ်ပေးရမယ်။ ပြီးတော့ လူ့အသိုင်းအဝိုင်းထဲကိုလည်း ဝင်ဆန့်အောင်လုပ်ပေးဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ Social workers တွေရဲ့အခန်းကဏ္ဍကလည်း မေ့ထားလို့မရပါဘူးရှင့်။”

မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့စာရင်းအရ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ရာမှာ ၂၀၁၆ ခုနှစ်အတွင်းလူကုန်ကူးမှုပေါင်း(၁၃၁)မှု လူကုန်ကူး ခံရသူ (၃၀၇)ဦး လူကုန်ကူးသူ(၂၃၃)ကိုဖေါ်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့ တာရှိနေပေမဲ့မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလန်းရှားပါးမှု ဆင်းရဲနွမ်းပါးမှု ပြည်တွင်းစစ်ပြဿနာတွေ ကြောင့်တဖက်နိုင်ငံတွေမှာ အလုပ်အကိုင်ရှာဖွေရင်ရင်း လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေဟာလဲ ပိုမိုများပြားလာနေသလို ဖြေရှင်းဖို့ခက်ခဲတဲ့အနေအထားမှာ လဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG