သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းဗိုလ်ချုပ်များအကြောင်း


ကျောက်စိမ်းဗိုလ်ချုပ်များအကြောင်း
please wait

No media source currently available

0:00 0:05:05 0:00
တိုက်ရိုက် လင့်ခ်


လွန်ခဲ့တဲ့ အောက်တိုဘာလက ကချင်ပြည်နယ်မှာ တန်ချိန်နှစ်ရာကျော်ရှိပြီး တန်းဖိုးဒေါ်လာသန်း တစ်ရာကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တွေ့ရှိတဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဖော်ပြပါတယ်။ ဖားကန့်ဒေသမှာ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကျောက်မျက်ကုမ္ပဏီရဲ့ လုပ်ကွက်မှာ တွေ့ရှိတာကြောင့် တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းကို နိုင်ငံတော်လျှို့ဝှက်ချက် လုပ်ထားလို့ တိုင်းပြည်အကျိုး မခံစားရကြောင်း ၂၀၁၅ အောက်တိုဘာလထုတ် Global Witness အဖွဲ့ရဲ့ (၁၂၈) စာမျက်နှာ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ဦးသိန်းစိန်အစိုးရက ကြွေးကြော်နေပေမယ့် မပြောင်းလဲနိုင်တာကတော့ ကျောက်စိမ်းလုပ်ငန်း ဖြစ်ပါတယ်။ ၂၀၁၄ တနှစ်ထဲမှာတင် ကျောက်စိမ်းဝင်ငွေ ဒေါ်လာသန်း သုံးသောင်းကျော် ရှိတယ်လို့ ခန့်မှန်းတာမို့ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ တဝက်နီးပါး ရှိနေပါတယ်။ ဒီလောက်များတဲ့ ဒေါ်လာတွေကို အများဆုံး အကျိုးအမြတ် ခံစားရသူတွေထဲမှာ ဦးသန်းရွှေမိသားစုက ရှေ့ဆုံးကပါဝင်ပါတယ်။ ဦးသန်းရွှေရဲ့မြေးက မန်ယူဘောလုံးအသင်းကို ဒေါ်လာသန်းတထောင်နဲ့ ဝယ်ဖို့ ကြံစည်းတဲ့သတင်းဟာ ချမ်းသာမှု ပမာဏကို ပြနေပါတယ်။

ဦးသန်းရွှေ နိုင်ငံရေး မလုပ်တော့ပေမယ့် ဇနီးသည်ဒေါ်ကြိုင်ကြိုင်ဟာ ကျောက်မျက်လုပ်ငန်းမှာ တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်တယ်လို ဆိုပါတယ်။ ဦးသန်းရွှေ မိသားစုပိုင် ကျောက်စိမ်းကုမ္ပဏီတွေကို Kyaing International လို့ ခေါ်ပါတယ်။ ဦးသန်းရွှေရဲ့ သားတွေဖြစ်တဲ့ ကြိုင်စန်းရွှေ နဲ့ ထွန်းနိုင်ရွှေတို့ဟာ Kyaing International အုပ်စု နဲ့ မြန်မာ့နိုင်အုပ်စုတို့ကို ဦးဆောင်ပြီး ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက် (၆) ခု ရထားပါတယ်။ သူတို့ရဲ့လက်အောက်ခံ ကြွယ်ဝဆုံး ဆိုတဲ့ကုမ္ပဏီကိုတော့ Richard Gems ဆိုတဲ့ အင်္ဂလိပ်အမည်နဲ့ မှတ်ပုံတင်ထားပြီး ကျောက်စိမ်းလုပ်ကွက် (၃) ခု ရထားပါတယ်။ ဦးသန်းရွှေမိသားစုရဲ့ လုပ်ကွက် (၉) ခုမှာ စက်အင်အားသုံးပြီး စစ်တပ်အစောင့်အရှောက်နဲ့ တူးတာမို့ ပတ်ဝန်းကျင်ပျက်စီးတာများပါတယ်။ ဦးသန်းရွှေမိသားစုလုပ်ငန်းနဲ့ တရုတ် ဆက်သွယ်ပုံကတော့ မရှင်းဘူးလို့ ဆိုထားပါတယ်။

ဦးသန်းရွှေမိသားစုရဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာ တရုတ်တွေလုပ်တာ များတယ်လို့လည်း ပြောကြပါတယ်။ ကြိုင်အုပ်စု နဲ့ နိုင်အုပ်စုရဲ့ လက်အောက်ခံကုမ္ပဏီတွေဟာ ဝတပ်ဖွဲ့ နဲ့ ဝပြည်သွေးစည်းရေးပါတီရဲ့ လက်အောက်ခံကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေ မိသားစုပိုင် ကြွယ်ဝကုမ္ပဏီနဲ့ ဝပိုင်တက်ခမ်း ကုမ္ပဏီတို့ရဲ့ ညွှန်ကြားရေးမှုးဟာ “ဝ” ခေါင်းဆောင် ပေါက်ယူဆိုင်ရဲ့ သားမက် အိုက်ဟောဆိုသူ ဖြစ်ပါတယ်။ အစီရင်ခံစာအရဆိုရင် ဦးသန်းရွှေ မိသားစုမှာ ဒေါ်လာသန်းပေါင်း သောင်းချီပြီ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လက တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်လာစဉ် ဦးသန်းရွှေကို သွားတွေ့တာကိုကြည့်ရင် တရုတ်နဲ့ ဆက်ဆံမှုကို ခန့်မှန်းနိုင်ပါတယ်။ မြန်မာ့အရေးကို တရုတ်က အတွင်းသိ ဖြစ်နေပုံရပါတယ်။

ကချင်ပြည်နယ်တိုင်းမှုးဟောင်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဟောင်း ဦးအုန်းမြင့်၊ ကြံ့ဖွံ့ပါတီအတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၊ လူထုဝန်ထမ်း ဒုဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဆွေ နဲ့ နည်းပညာ ဒုဝန်ကြီးဟောင်း ဗိုလ်မှုးချုပ်ဟောင်း ဦးဝင်းသန်း တို့ကိုလည်း ကျောက်စိမ်းကြောင့် သူဌေး ဖြစ်လာသူတွေအဖြစ် ဖော်ပြထားပါတယ်။ အင်္ဂလိပ်ဗိုလ်ချုပ် ဝင်းဂိတ် အမည်ကိုသုံးပြီး မြန်မာဝင်းဂတ် ကျောက်မျက်ကုမ္ပဏီကို ဦးအုန်းမြင့်က တည်ထောင်ပါတယ်။ ဝင်းဂိတ်ကုမ္ပဏီဟာ စစ်တပ်ပိုင်ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ပါတယ်။ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိန်းမိသားစုဟာ ဖားကန့်မှာ မြတ်ယမုံ နဲ့ မျိုးနွယ်ကျောက်စိမ်းလုပ်ကွက်ကို ပိုင်ဆိုင်ပါတယ်။ ၂၀၁၅ မှာ မြတ်ယမုံမှာ မြေပြိုလို့ ဒေသခံ (၅၀) လောက် သေဆုံးသွားပါတယ်။ ဒေါ်လာသန်းထောင်ချီပြီး ချမ်းသာသူတွေ ဖြစ်ပါတယ်။

ဒုဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဆွေဟာ ရွှေအင်းဝ ကျောက်မျက်ကုမ္ပဏီကို ပိုင်ပြီး၊ ဗိုလ်မှူးချုပ်ဟောင်းဝင်းသန်းကတော့ Myanmar Imperial Jade ကုမ္ပဏီကို ပိုင်ဆိုင်ပါတယ်။ စစ်တပ်ပိုင်၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်တို့မှာလည်း ကျောက်စိမ်းလုပ်ကွက်တွေရှိပြီး နှစ်စဉ်ဒေါ်လာသန်းရာရှိပြီး ဝင်နေပါတယ်။ ခရိုနီတွေထဲမှာ ထွန်းမြင့်နိုင်နဲ့ Asia World နဲ့ တေဇရဲ့ထူးအုပ်စုဟာ ထင်ရှားပါတယ်။ ကျောက်စိမ်းကုမ္ပဏီ (၁၂) ခုပိုင်တဲ့ Ever Winner အုပ်စုကိုတော့ လူသိနည်းပေမယ့် ကမ္ဘောဇ ဦးအောင်ကိုဝင်းနဲ့ Skynet ဦးကျော်ဝင်းတို့နဲ့ ဆက်နေတယ်လို့ ဆိုပါတယ်။

ဝပြည်နယ်က မူးယစ်ရာဇာ ဝေဆူကျန် ဟာလည်း ကျောက်စိမ်းကုမ္ပဏီ (၅) ခု ပိုင်သူ ဖြစ်ပါတယ်။ ကချင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခဟာ ကျောက်စိမ်းလုပ်ငန်းနဲ့ ဆက်စပ်နေပါတယ်။ KIA/KIO အတွက် ကျောက်စိမ်းဟာ အဓိကဝင်ငွေ ဖြစ်ပါတယ်။ ကျောက်စိမ်းငွေကို ကချင်ဘက်ကရော အစိုးရတပ်ဘက်က ရော လိုလားကြပါတယ်။ ငြိမ်းချမ်းရေးရသွားရင် ကျောက်စီးတွင်းပိုင်တဲ့ စစ်ဗိုလ်မိသားစုတွေနဲ့ ကုမ္ပဏီတွေ လာဘ်တိတ်သွားနိုင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ကျောက်စိမ်းနဲ့ အခြာသယံဇာတတွေ ခွဲဝေရေးကို အလေးပေးသင့်ကြောင်း Global Witness က တင်ပြထားပါတယ်။

XS
SM
MD
LG