သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နုကျန် နဲ့ သံလွင် နှိုင်းယှဉ်ချက်


တိုက်ရိုက် လင့်ခ်


ယူနန်ပြည်နယ်ထဲက သံလွင်မြစ်အထက်ပိုင်းဖြစ်တဲ့ နုကျန်မြစ်မှာ ရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်ပြီး သံလွင်မြစ်မှာ ရေကာတာဆောက်ဖို့ ကြံစည်ပုံကို နှိုင်းယှဉ်ပြီး တင်ပြလိုပါတယ်။ ယူနန်မှာ မြစ်ချောင်း (၆၀၀) ကျော် ရှိပေမယ့် နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ် အပါအဝင် မြစ်ကြီး (၆) ခုမှာသာ ရေအားလျှပ်စစ် ထုတ်ယူသင့်တယ်လို့ တရုတ်က ယူဆပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း ယူနန်မှာ ရေကာတာ (၂၈) ခု တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူပါတယ်။ တရုတ်ပြည်မှာ သုံးစွဲတဲ့ ရေအားလျှပ်စစ် (၁၀) ရာခိုင်နှုန်းလောက်ကို ယူနန်က ထုတ်ပေးနေပါတယ်။

လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကစပြီး နုကျန်မြစ်မှာ ရေကာတာ (၁၃) ခု တည်ဆောက်ဖို့ တရုတ်က ကြံစည်ခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့ပါဘူး။ မကြာမီကတော့ နုကျန်မြစ်ရဲ့ မြစ်လက်တက်တွေမှာ ရေကာတာ မဆောက်ဘူးလို့ ယူနန် အာဏာပိုင်က ကြေညာကြောင်း မေလ (၁၂) ရက်နေ့ထုတ် National Geographic မဂ..ဇင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ နုကျန်အမျိုးသားဥယျာဉ် တည်ဆောက်မယ်လို့ ဆိုတဲ့အတွက် နုကျန်ရေကာတာ စီမံကိန်းဟာ အကောင်အထည်ဖော်တဲ့အဆင့် မရောက်တော့ဘဲ နိဂုံးချုပ်သွားပုံ ရပါတယ်။ ဒါပေမဲ့ သံလွင်မြစ်မှာတော့ ရေကာတာစီမံကိန်းတွေ ရှိနေတုန်း ဖြစ်ပါတယ်။

တရုတ်ပြည်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ တည်ဆောက်တဲ့ ပထမဦးဆုံးသော ရေအားလျှပ်စစ်ဟာ ရွှေလီမြစ်ပေါ်က ရွှေလီအမှတ် (၁) ရေအားလျှပ်စစ် ဖြစ်ပါတယ်။ ၂၀၀၉ ကစပြီး ယူနန်ကို မီးပေးပြီးနောက် အနှစ် (၃၀) ကျော်ကြာမှ မြန်မာ့လက်ကို လွှဲပြောင်းပါလိမ့်မယ်။ ရွှေလီအမှတ် (၁) အောက်မှာ အမှတ် (၂) နဲ့ အမှတ် (၃) ဓါတ်အားစက်ရုံ တည်ဆောက်မယ့် စီမံကိန်းလည်း ရှိပါတယ်။ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်း (၅) ခု အကောင်အထည်ဖော်မယ့် အစီအစဉ်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနက မနှစ်က ရှင်းပြပါတယ်။ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ ရွာသစ် နဲ့ ဟတ်ကြီးစတဲ့ ရေကာတာ (၅) ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကွမ်းလုံဆည် တည်ဆောက်ဖို့ တရုတ်နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးထားပြီး ကျန်ရေကာတာတွေကတော့ နားလည်မှု စာချွန်လွှာ ရယူထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

လျှပ်စစ်ဓါတ်အားခနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့အတွက် ယူနန်ပြည်နယ်က ရေအားလျှပ်စစ်စက်ရုံအချို့ဟာ ရာခိုင်နှုန်းပြည့်သုံးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ တရုတ်သုတေသီ ဟူရွဲ့စေ က ဆိုပါတယ်။ တချို့ကြတော့လဲ လျှပ်စစ်ဓါတ်ကြိုး သွယ်တန်းဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ယူနန်ရေအားလျှပ်စစ်ဟာ ရှိတဲ့အင်အားရဲ့ တဝက်လောက်ပဲ သုံးနိုင်လိမ့်မယ်လို့ ခန့််မှန်းကြပါတယ်။ ဒီလို အခြေအနေ ဖြစ်နေတာတောင် သံံံလွင်မြစ်မှာ ရေကာတာဆောက်ပြီး ယူနန်ကို လျှပ်စစ်ဓါတ်အားပို့ပေးဖို့ စီစဉ်နေတာ ဘာသဘောလဲလို့ မေးစရာ ဖြစ်လာပါတယ်။ ဖြစ်နိုင်တာတခုကတော့ သံလွင်ရေအားလျှပ်စစ်ကို ဈေးပေါပေါနဲ့ သုံးနိုင်ရင် ယူနန်ရေအားလျှပ်စစ် ဈေးကျသွားမယ်လို့ မျှော်လင့်တာ ဖြစ်နိုင်ပါတယ်။ သံလွင်ရေအားလျှပ်စစ်ဟာ တရုတ်ကုမ္ပဏီတွေရဲ့ ခုတုံးလို ဖြစ်နေပါတယ်။

ယူနန်ပြည်နယ်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်တာဟာလည်း နုကျန်ရေကာတာ ရပ်ဆိုင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်ပါတယ်။ (၂၀၀၁) ကနေ (၂၀၁၁) အထိ ယူနန်ပြည်နယ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး လုပ်ခဲ့သူ ဘိုင်အံ့ပေ ဟာ ရေအားလျှပ်စစ်စီမံကိန်းကို ထောက်ခံအားပေးသူ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ဘိုင်အံ့ပေ အဖမ်းခံရတာကြောင့် နုကျန် ရေကာတာစီမံကိန်း အားနည်းသွားပုံရပါတယ်။ ဘိုင်အံ့ပေ လက်ထက်မှာ မြန်မာပြည်မှာ ရေကာတာတွေဆောက်ဖို့ ဗိုလ်သန်းရွှေအစိုးရနဲ့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးသစ် လီဂျီဟန်းကတော့ နုကျန်မြစ်ထဲမှာ ရေကာတာ တည်ဆောက်မယ့်အစား အမျိုးသားသဘာဝဥယျာဉ် တည်ဆောက်ပြီး ခရီးသည်လာရောက် လည်ပတ်အောင် ဆွဲဆောင်မယ်လို့ ကြေညာပြီး၊ သံလွင်မြစ်မှာ ရေကာတာ ဆောက်နိုင်အောင် ကြိုးပမ်းနေပါတယ်။

မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားပေမယ့် ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်းဖူး၊ ယီနန်၊ ဖီဇော နဲ့ လိုင်ဇော စတဲ့ စီမံကိန်းတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ မဂ--ဝပ် တစ်ရာရှိတဲ့ ချီဖွေငယ် နဲ့ မဂ…ဝပ် (၂၄၀) ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ် ပြီးစီးလို့ ဓါတ်အား (၈၀) ရာခိုင်နှုန်း ယူနန်ကို တင်ပို့နေပါပြီ။ ဗိုလ်သန်းရွှေ အစိုးရလက်ထက်မှာ တရုတ်ဆီက တံစိုးလက်ဆောင်ကို လက်ခံပြီး ယူနန်အတွက် မြန်မာပြည်မှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ သဘောတူခဲ့တာဟာ အန္တရာယ် များပါတယ်။ တရုတ်ပြည်မှာ ရေကာတာ ရှစ်သောင်းကျော်ရှိပြီး၊ ရေကာတာကျိုးရင် ဒုက္ခရောက်မယ့် မြို့ပေါင်း (၂၀၀) နီးပါး ရှိပါတယ်။ တရုတ်ရေကာတာတွေအကြောင်း ဗမာအစိုးရ ကောင်းကောင်းသိဖို့ လိုပါတယ်။

တရုတ်ပြည်မှာ ရေကာတာပေါက်လို့ သေကျေပျက်စီးတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ၁၉၇၅ မှာ ဘန်ချောင်ဆည် ရေလျှံပြီး ပြိုပျက်သွားတဲ့အတွက် ဒေသခံ နှစ်သိန်းကျော် သေဆုံးတာဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရ သတင်းအမှောင်ချထားလို့ သေဆုံးသူအရေအတွက်ကို အနှစ် (၃၀) ကြာမှ သိရပါတယ်။ တရုတ်ပြည်မှာ ရေကာတာ (၅၀) လောက် နှစ်စဉ်ပြိုပျက်နေကြောင်း သိရပါတယ်။ အမေရိကန်မှာလည်း ရေကာတာ ပြိုကျမှုတွေ ရှိပေမယ့် သေဆုံးသူဦးရေဟာ ရာဂဏန်းသာ ရှိပါတယ်။ မြန်မာပြည်မှာ နိုင်ငံခြားအတွက် ရေအားလျှပ်စစ် ထုတ်ယူဖို့ ရေကာတာ တည်ဆောက်ပြီး ရေကာတာ က ဖြစ်ပေါ်လာတဲ့ အန္တရာယ်အမျိုးမျိုးကို ပြည်သူလူထုက ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG