သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မှာ မြန်မာတွေမဲပေးဖို့ ပြင်ဆင်


လူတိုင်းစိတ်ဝင်စားနေတဲ့ ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲ ကျင်းပတော့မယ့်အချိန်ဟာ နာရီပိုင်းပဲ လိုပါတော့တယ်။ အဓိက သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက Donald Trump နဲ့ ဒီမိုကရက်ပါတီက Hillary Clinton တို့ဟာ နောက်ဆုံးနေ့ မဲဆွယ်စည်းရုံးရေး တွေကို အပြိုင်အဆိုင် လုပ်နေကြသလို ကြိုတင်ခန့်မှန်းတွက်ချက်မှုတွေအရ သူတို့ နှစ်ဦးရဲ့ မဲရလဒ်တွေကလည်း သိပ်ပြီး မကွာခြားလှတာမို့ အကြိတ်အနယ် ဖြစ်နေတာပါ။ ဒီကြားထဲမှာ al-Qaida အကြမ်းဖက်အဖွဲ့ကလည်း ရွေးကောက်ပွဲကာလ လူစည်ကားတဲ့အချိန်မှာ New York အပါဝင် ပြည်နယ်သုံးခုအတွင်း အကြမ်းဖက် တိုက်ခိုက်မှုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ New York မြို့ရဲ့ အခြေအနေနဲ့ New York မြို့နေ မြန်မာအသိုင်းအဝိုင်းရဲ့ ရွေးကောက်ပွဲအပေါ်အမြင်တွေကို ဦးစံမိုးေ၀ က တင်ပြပေးပါလိမ့်မယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ al-Quida အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ထားယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် New York မြို့က အဓိကကျတဲ့ လူစည်ကားတဲ့နေရာတွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

New York မြို့ရဲ့ လုံခြုံရေးအခြေအနေ မြင်ကွင်းကို New York မြို့မှာ နေထိုင်သူ ကိုသစ်ထူးလွင်က အခုလို ပြောပြပါတယ်။

“ခါတိုင်းနဲ့မတူတဲ့ လုံခြုံရေးတင်းကြပ်မှုတွေ မြင်ရတာတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ Close Gate mall လိုပေါ့နော်- ဒီလို mall ကြီးတွေရဲ့အတွင်းထဲမှာ local police officers တွေပေါ့ဗျာ၊ အရင်တုံးကဆို အဲဒီလို ချထားတာမရှိဘူးပေါ့ဗျာ။ အခုဆို mall ကြီးတွေမှာ ချထားတာ တွေ့ရတယ်။ နေရာစိတ်စိတ်ပေါ့ဗျာ၊ ဆိုင်တွေ၊ လူသွားလူလာ ထူထပ်တဲ့နေရာတွေမှာ ဒီလို ယူနီဖောင်းဝတ် police officers တွေ၊ အရင်တုန်းကတော့ ဒီလို မရှိဘူးပေါ့ဗျာ၊ အခုတော့ ချထားတာတွေ တွေ့ရတယ်။”

ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့မှာ သမ္မတလောင်းနှစ်ဦးစလုံးဟာ New York မြို့မှာ ရောက်ရှိနေကြမှာဖြစ်ပြီး ညပိုင်းမှာ သူတို့အပေါ် ထောက်ခံ အားပေးကြတဲ့သူတွေကို စကားပြောဖို့လည်း စီစဉ်ထားပါတယ်။ New York မြို့ရဲ့ Queens အရပ်မှာနေထိုင်သူ မြန်မာတဦးဖြစ်တဲ့ ကိုနေတင်မြင့်ကတော့ လူထုအနေနဲ့ လုံခြုံရေးစီစဉ်ထားမှုတွေကို ယုံကြည်မှုရှိကြသလို အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်ကြောင့်ကျမှု သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။

“ဘာမှမဖြစ်သလိုပဲ၊ ပုံမှန်ပဲ သွားလာနေကြတာပဲ။ မစိုးရိမ်ကြပါဘူး၊ တော်တော်များများကတော့လေ။ လုံခြုံရေးအနေထားကလည်းကောင်းတယ်လေ။ အကြမ်းဖက်အုပ်စုတွေအနေနဲ့က ဒီလိုပဲ ခြိမ်းခြောက်နေတာ ခဏခနပဲလေ၊ ခြိမ်းခြောက်တိုင်းလည်း ဖြစ်သွားတာတော့ မဟုတ်ဘူးပေါ့နော်။”

အမေရိကန်နိုင်ငံသား မြန်မာလူမျိုးအများစုကတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton အပေါ် ပိုမိုပြီး သဘောကျကြတယ်လို့ မြို့ခံနောက်တဦးဖြစ်တဲ့ ကိုမိုးချမ်းက ပြောပါတယ်။ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်ထားပေမဲ့ နောက်ဆုံးရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကျမှ မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ ကိုမိုးချမ်းက အဓိက သမ္မတလောင်းနှစ်ဦးအနက် ရီပတ်ဘလစ်ကင်ပါတီသမ္မတလောင်း Donald Trump ထက် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton ကို ပိုမိုပြီး သဘောကျတဲ့အကြောင်း သူ့ရဲ့ သဘောထားကို အခုလို ရှင်းပြပါတယ်။

“အထူးသဖြင့် အမေရိကန် နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ ကမ္ဘာမှာလည်းတည်ငြိမ်ဖို့က လိုအပ်တယ် ဆိုတော့ဗျာ၊ Hillary Clinton ကို ကျနော် စဉ်းစားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာကလည်း အမျိုးသမီးခေါင်းဆောင်ရယ်လို့ လိုအပ်နေတယ်လို့ ကျနော်ထင်တယ်လေ။ အထူးသဖြင့် အာရှနိုင်ငံ .. ကျနော်တို့လို တိုင်းပြည်မျိုးတောင်မှ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေတော့ဗျာ၊ ကျနော်တို့ နိုင်ငံထက်တောင် နောက်ကျနေသေးတယ်။ Donald Trump ကော Hillary Clinton ကော နှစ်ယောက်စလုံးမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ရှိသော်ငြားလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ကတော့ ကျနော့်အနေနဲ့ Donald Trump ထက်စာရင် Hillary Clinton က ပိုပြီးတော့ အကျိုး ရှိလိမ့်မယ်လို့ ကျနော် ယူဆတယ်ပေါ့ဗျာ။”

Hillary Clinton ဟာ မြန်မာလူမျိုးတွေနဲ့ ပိုမိုပြီးတော့ နီးစပ်မှုရှိသလို မြန်မာနိုင်ငံအရေးအပေါ်မှာလည်း စိတ်ဝင်တစားရှိကြောင်း၊ ဒါကြောင့် သူ့ကို မြန်မာတွေက ပိုပြီး နှစ်သက်ကြတာဖြစ်တယ်လို့ ပြောသူကတော့ ကိုသစ်ထူးလွင် ဖြစ်ပါတယ်။

“ဒီမြန်မာအသိုင်းအဝိုင်းက အားလုံးလိုလိုကတော့ Hillary Clinton မဲပေးဖို့၊ ပေးပြီးသားသူတွေကလည်း Hillary Clinton ပဲ တွေ မဲပေးကြတာရှိတယ်၊ ကျနော်ထင်တာကတော့ မြန်မာတွေအနေနဲ့ အမေရိကန် နိုင်ငံရေးဆိုတာထက် Hillary Clinton တက်မယ်ဆိုရင် သူက မြန်မာနိုင်ငံအရေးနဲ့ ဆက်စပ်နေတဲ့အခါကျတော့ မြန်မာပြည်ရဲ့ အလားအလာအပေါ် အထောက်အကူဖြစ်စေနိုင်မယ် ဆိုပြီးတော့ ယူဆချက်တွေကို ပြောနေဆိုနေတာ ကြားရတယ်လေ။”

ရွေးကောက်ပွဲ ကျင်းပချိန် တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ရုပ်သံမီဒီယာတွေ၊ သတင်းဌာနတွေ၊ လူမှုကွန်ယက် မီဒီယာတွေပေါ်မှာလည်း ရွေးကောက်ပွဲ အကြောင်းကိုပဲ ဆက်တိုက် ထုတ်လွှင့်နေကြသလို လူတွေအားလုံးကလည်း နောက်လာမည့် အမေရိကန်သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား ဆွေးနွေး ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG