သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုံးအဖြတ်မပေးနိုင်သေးတဲ့ ပြည်နယ်တချို့မှာ မြန်မာတွေရဲ့မဲ


 Swing states ထဲမှာ ပါဝင်တဲ့ Florida ပြည်နယ်က မဲဆန္ဒရှင်တွေ မဲပေးနေစဉ်
Swing states ထဲမှာ ပါဝင်တဲ့ Florida ပြည်နယ်က မဲဆန္ဒရှင်တွေ မဲပေးနေစဉ်

ဒီကနေ့ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅၀ အနက် ဒီမိုကရက် ကိုယ်စားလှယ်လောင်းကို မဲပေးမလား၊ Republican ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးမလားဆိုတာ မဆုံးဖြတ်ရသေးတဲ့ ပြည်နယ် ၁၅ ပြည်နယ်မှာ သမ္မတလောင်းနှစ်ဦးတို့ နောက်ဆုံးအချိန်ထိအောင် အချိန်ပေး မဲဆွယ်လှုပ်ရှားနေတာကတော့ အဲဒီ Swing States လို့ခေါ်တဲ့ ပြည်နယ်တွေမှာ အနိုင်ရဖို့က အရေးကြီးနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီပြည်နယ် တွေမှာ ရှိတဲ့ မြန်မာတွေကရော ဘယ်သူ့ကို မဲပေးဖို့ ဆုံးဖြတ်ထားသလဲဆိုတဲ့ အကြောင်းစုံကို ဒေါ်လှလှသန်းက စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ စတင်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူထုကပေးတဲ့ Popular votes တွေရှိသလို ပြည်နယ်ကရွေးချယ်တဲ့ အထူး ကိုယ်စားလှယ် တွေ ပေးတဲ့ Electoral votes တွေလည်းရှိပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ Electoral votes တွေက အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ Electoral votes လို့ဆိုရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ပေါင်း ၅၀ နဲ့ မြို့တော် ဝါရှင်တတန် ဒီစီရှိ အထူး ကိုယ်စားလှယ်တွေရဲ့ အရေအတွက်ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအထူးကိုယ်စားလှယ်တွေရဲ့ အရေအတွက်စုစုပေါင်းဟာ ၅၃၈ ဦးရှိပြီး အောက် လွှတ်တော်အမတ် အရေအတွက် ၄၃၅ ဦး ၊ အထက်လွှတ်တော်အမတ် အရေအတွက် ၁၀၀ နဲ့ သွားပြီး ကိုက်ညီတာဖြစ်ပါတယ်။

သမ္မတလောင်းတဦးအနေနဲ့ အနိုင်ရဖို့ Electoral votes တဝက်ဖြစ်တဲ့ ၂၇၀ ကို ရနိုင်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အမာခံ ဒီမိုကရက်နယ်မြေတွေမှာ ဟီလာရီကလင်တန်က Electoral votes ၂၅၈ မဲရမယ်လို့ ခန့်မှန်းထားပြီး Republican သမ္မတလောင်း Donald Trump ကတော့ ၁၅၇ မဲ ရလိမ့်မယ်လို့ တွက်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ Swing states ဒါမှ မဟုတ် Battleground states လို့ခေါ်တဲ့ ဘယ်ပုဂ္ဂိုလ်ကို မဲပေးမလဲဆိုတာကို အပြတ်မဆုံးဖြတ်ရသေးတဲ့ ပြည်နယ် ၁၅ ပြည်နယ်ရှိတယ်လို့ သတ်မှတ်ထားပြီး အဲဒီပြည်နယ်တွေမှာ အထူးသဖြင့် ပြည်နယ်ကြီးတွေ ဖြစ်တဲ့ Florida ၊ Michigan၊မြောက် Carolina ၊Ohio ၊ Pennsylvania ၊ Virginia အစရှိတဲ့ ပြည်နယ်ကြီးတွေမှာ အနိုင်ရဖို့က အရေးကြီးတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သမ္မတလောင်း၂ ဦး တို့အနေနဲ့ အဲဒီပြည်နယ်တွေမှာ အကြိတ်အနယ် မဲဆွယ်လှုပ်ရှားနေတာဖြစ်ပါတယ်။ Pennsylvania ဟာ Swing states ပြည်နယ်တွေထဲမှာ ပါဝင်ပြီး အဲဒီမှာနေထိုင်တဲ့ ဒေါ်ဖြူဖြူကို အခြေအနေကို မေးကြည့်ခဲ့ပါတယ်။

“ကျမက နဂိုရ်ကတည်းကHillary Clinton ကို ပေးမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်လေ။ အဲဒီတော့ ကျမတို့ တမိသားစုလုံးပေါ့နော်- ကျမတို့အိမ်မှာရှိတဲ့ မဲပေးလို့ရတဲ့သူတွေအကုန်လုံးက Hillary Clinton ကို မဲပေးဖို့ဆုံးဖြတ်ထားတယ်။ နောက်တခုက ဟုတ်ပါတယ်၊ Pennsylvania က Swing states ထဲမှာ ပါပါတယ်။ ဒါပေမယ့် Swing states ထဲမှာပါပေမယ့်လည်း အမည်းတွေလည်း နေကြတယ်။ Asian တွေလည်းနေတယ်၊ နောက်ပြီး Hispanic တွေလည်း နေတယ်။ အဲလိုမျိုးနေတဲ့ နေရာတွေမှာ Hillary Clinton နိုင်ဖို့ရှိတာပေါ့နော်။ အတွင်းပိုင်းကျတဲ့ ဒီ Pittsburgh တို့ အရင်တုန်းက စက်ရုံတွေဘာတွေ ရှိခဲ့တယ်လေ၊ အခုတော့ စက်ရုံတွေ မရှိတော့ဘူး။ အဲဒီနေရာတွေမှာ လူနေကလည်း နည်းနည်းတော့ကျဲတယ်ပေါ့နော်-အဲဒီနေရာတွေမှာ Donald Trump ကတော့ မဲရဖို့တော့ရှိတာပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ကျမတို့ပြောတဲ့ North Eastern corridor ပေါ့နော်- Scranton ကနေစပြီး Philadelphia တောက်လျှောက်မှာ ဟီလာရီကလင်တန်ကတော့ အဲဒီဒေသတွေမှာတော့ မဲရဖို့များတယ်။ အဲဒီတော့ ကျမဘာကို သွားပြီး သတိထားမိသလဲဆိုတော့ သူက နဂိုရ်ကတည်းက သူ့ခင်ပွန်း ၂ ကြိမ်တိုင်တိုင် သမ္မတရွေးကောက်ပွဲလုပ်တဲ့ဟာရယ် ၂၀၀၈ အိုဘားမားနဲ့ လုပ်တဲ့ဟာရယ် သူအတွေ့အကြုံတွေ အများကြီးရှိတဲ့အတွက် ဒီရွေးကောက်ပွဲအတွက် ရန်ပုံငွေကိုတော့ တော်တော်လေးကို စုဆောင်းနိုင်တဲ့သဘောရှိတယ်။ ဒီလို Swing States တွေမှာ တအိမ်တက်တအိမ်ဆင်း၊တံခါးတွေခေါက်တယ်၊ တယ်လီဖုန်းတွေဆက်တယ်ဆိုတာ ကျမတို့အိမ်မှာ Donald trump ကနေ တယ်လီဖုန်းဆက်တာ သိပ်မရှိဘူး။ ကျမထင်တာပဲ၊ ဒီ Pennsylvania ကတော့ ဒီမိုကရက်တစ်ပါတီကိုပဲ သမ္မတလောင်းအနေနဲ့ လက်ခံမယ့်သဘောရှိပါတယ်။”

Virginai ပြည်နယ်ကလည်း Swing States ထဲမှာပါဝင်ပါတယ်။ Virginia ပြည်နယ်မှာ နေထိုင်တဲ့ မကေခိုင်ကတော့

“ဟီလာရီကလင်တန်ကို မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ သူက အမျိုးသမီးဖြစ်တော့ အမျိုးသမီးအရေးကိစ္စတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ပိုပြီးတော့လုပ်မယ်လို့ ယုံကြည်တယ်။ တချို့တွေကျတော့ Donald Trump ကို မဲပေးမယ်လို့ ဆုံးဖြတ်တယ်။ သူက တပ်ကို ပိုပြီးတော့ အင်အားချဲ့မယ့် ဟာဆိုပေမယ့် ပြည်သူတွေကြားထဲမှာ ပြောတဲ့အခါကျရင် ပွင့်ပွင့်လင်းလင်းပဲ။ တချို့ကိစ္စတွေပြောတယ်၊ ညာပြောတာမလုပ်ဘူးဆိုတော့ တချို့တွေက Donald Trump ကို ကြိုက်ကြတယ်။ အိမ်တွေမှာ Trump ဆိုပြီး ဆိုင်းဘုတ်ကြီးတွေ အကြီးကြီးတွေထောင်ထားတယ်။ ကားတွေကို ကြည့်ရင်လည်း Trump sticker တွေ ကားမှာကပ်ထားတာတွေကိုတွေ့ရတယ်။ ဆိုင်းဘုတ်ကို သေးသေးလေးတောင်မဟုတ်ဘူး၊ ၃ ပေ၊ ၄ ပေ လောက်ရှိတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားတယ်၊ ခြံရှေ့မှာတွေ ။ ဒီမိုကရက်တွေက Virginia က Trump နယ်မြေဆိုတော့ သူတို့တွေစိုးရိမ်တော့ အိမ်တွေကို တံခါးခေါက်ပြီးတော့ ဒီမိုကရက်တွေက မဲဆွယ်စည်းရုံးတာ အရမ်းသိသိသာသာ၊ အရမ်းများတယ်။ ဘယ်သူနိုင်မလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့တော့ စောင့်ကြည့်ရမှာပဲ။”

အမေရိကန်နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတအနေနဲ့ ပထမဦးဆုံး သမိုင်းတွင်မယ့် အမျိုးသမီးသမ္မတပဲဖြစ်မလား၊ နိုင်ငံရေးအတွေ့အကြုံမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးပဲ သမ္မတဖြစ်လေမလားဆိုတာကတော့ မဲရုံတွေပိတ်ပြီး မကြာခင်မှာ အဖြေထွက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG