သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့အတွက် နယူးယောက်လုံခြုံရေးတင်းကျပ်


ရွေးကောက်ပွဲနေ့အတွက် နယူးယောက်လုံခြုံရေးတင်းကျပ်နေ
ရွေးကောက်ပွဲနေ့အတွက် နယူးယောက်လုံခြုံရေးတင်းကျပ်နေ

ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့ညမှာ သမ္မတလောင်း ၂ ဦးလုံး မိန့်ခွန်းပြောဖို့ လက်ခံစီစဉ်ထားတဲ့ နယူးယောက်မြို့မှာ ရဲလုံခြုံရေးနဲ့ မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေဟာ လုံခြုံရေး အစီအမံတွေ တင်းတင်းကျပ်ကျပ်ချမှတ် စီစဉ်နေပါတယ်။ မာရသွန်ပြိုင်ပွဲဝင်သူတွေနဲ့ အားပေးသူတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကျင်းပမယ့်အဖွဲ့တွေနဲ့ နယူးယောက်မှာ စည်ကားနေတာဖြစ်ပြီး ဒီလိုအခြေအနေမှာ al Qaida အကြမ်းဖက်သမားတွေအနေနဲ့ တိုက်ခိုက်လာနိုင်တာပါ။ VOA သတင်းထောက် Carolyn Presutti ပေးပို့ထားတဲ့ နယူးယောက်မြို့ လက်ရှိအခြေအနေကို ကိုအောင်အောင်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံတဲ့ နယူးယောက်ကသူတွေဟာ ရီပတ်ဗလစ်ကန်သမ္မတလောင်း ဒေါ်နယ် ထရန့်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ပြည်နယ်က မဲဆန္ဒရှင်တွေကို ဖုန်းဆက်သွယ်ပြီးတော့ရော ဖုန်းမက်ဆေ့ချ်တွေပို့ပြီးတော့ပါ Mrs. ကလင်တန်ကို ထောက်ခံလာအောင် စည်းရုံးနေပါတယ်။ တချို့ပြည်နယ်တွေမှာတော့ သမ္မတလောင်း ၂ ဦးလုံးရဲ့ မဲရလာဒ်ဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ဟီလာရီကလင်တန်ကို ထောက်ခံသူ တဦးဖြစ်တဲ့ Mike Evans က ပြောပါတယ်။

“ကျနောတို့အနေနဲ့ တကယ့်ကို အင်တိုက်အားတိုက် လုပ်နေရပါတယ်။”

ဒီအတောအတွင်းမှာပဲ နယူးယောက်မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကျင်းပတာကြောင့် ထောင်နဲ့ချီတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေ စောင့်ကြပ်နေပါတယ်။ ဒီလို လူစည်ကားတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲမတိုင်ခင် ဒါမှမဟုတ် ရွေးကောက်ပွဲကျင်းပချိန်မှာ ဗာဂျီးနီးယား၊ တက္ကဆပ်နဲ့ နယူးယောက်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအရာရှိတွေက သတိပေး ပြောဆိုထားတာပါ။ နယူးယောက်က ဒီမိုကရက် အောက်လွှတ်တော်အမတ် Carolyn Maloney က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကမ္ဘာပေါ်က ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်။ နယူးယောက်မြို့လောက် ပြင်ဆင်ထား နိုင်စွမ်းမရှိပါဘူး။ 9-11 တခါ နေ့စဉ်နေ့တိုင်းအတွက် ပြင်ဆင်ထားခဲ့တယ်ဆိုတာကို သက်သေပြပြီးဖြစ်သလို၊ ရွေးကောက်ပွဲနေ့အတွက်လည်း အဆင်သင့်ပြင်ထားတယ်ဆိုတာကို သက်သေပြသွားမှာပါ။”

အင်္ဂါနေ့ညမှာ ရွေးကောက်ပွဲ အနိုင်ရတဲ့ အထိမ်းအမှတ်ပွဲတွေကို သမ္မတလောင်း ၂ ဦးလုံးက နယူးယောက်မှာကျင်းပမှာ ဖြစ်တာကြောင့် အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေတာပါ။ Mrs. Clinton က မှန်နဲ့ပြုလုပ်ထားတဲ့ နံရံတွေ၊ မျက်နှာကျက်တွေ ပါဝင်တဲ့ Convention စင်တာမှာ အထိမ်းအမှတ်ပွဲကို ကျင်းပဖို့စီစဉ်ထားသလို Trump ကတော့ အဲဒီ စင်တာနဲ့ သိပ်မဝေးလှတဲ့နေရာမှာရှိတဲ့ Trump တာဝါမှာ ကျင်းပသွားမှာပါ။ အခုအချိန်မှာတေ့ာ လူတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထရမ့်ကိုထောက်ခံသူ Anand Ahuja ကပြောပါတယ်။

“ကိုယ့်အတွက်သာမဟုတ်ပဲ တချိန်တည်းမှာ သမ္မတလောင်းတွေ လုံခြုံရေးအတွက်လည်း အားလုံးက စိုးရိမ်နေပါတယ်။”

ရွေးကောက်ပွဲကျင်းပဖို့ နာရီနဲ့အမျှ နီးကပ်လာချိန်မှာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ အနှောက်အယှက်မှန်သမျှကို နှိမ်နင်းသွားနိုင်လိမ့်မယ်ဆိုပြီးတော့ အာဏာပိုင်တွေအနေနဲ့ သန္ဓိဌာန် ချမှတ်ထားပြီးလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG