သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက တရုတ်ကိုမကြုံစဖူး ထူးခြားစွာဝေဖန်


မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တရုတ်သမ္မတXi
မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တရုတ်သမ္မတXi

တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို မစမ်းသပ်ဖို့၊ တရုတ်အစိုးရပိုင် မီဒီယာတွေရဲ့ ပြောဆိုချက်တွေကို ရည်ညွှန်းပြီး ရှားရှားပါးပါး မြောက်ကိုရီးယားက တရုတ်နိုင်ငံကို တိုက်ရိုက်ဝေဖန်လိုက်ပါတယ်။

၂ နိုင်ငံကြား ဆက်ဆံရေးရဲ့ အဓိက မဏ္ဍိုင်တွေကို ချိုးဖျက်တဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် ကြုံရမယ့် ကြီးမားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တရုတ်နိုင်ငံက ပိုပြီးနားလည် သဘောပေါက်သင့်တယ်လို့ ကိုရီးယားဗဟိုသတင်းစဉ် (KCNA) ရဲ့ သဘောထားထင်မြင်ချက် ဆောင်းပါးမှာ မနေ့ကပဲ ဖော်ပြခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို စွန့်လွှတ်ဖို့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုတွေဟာ ဘောင်ကျော်တဲ့ လုပ်ရပ်ဖြစ်သလို၊ မြောက်ကိုရီးယားရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်းလည်း ဖော်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော် Global Times သတင်းစာကတော့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ရင် မြောက်ကိုရီးယားရဲ့ စဉ်းစားပုံစဉ်းစားနည်းဟာ လွဲမှားနေတယ်လို့လည်း ဒီကနေ့ပဲ ရေးသားခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လုပ်ငန်းတွေနဲ့ ညစ်နွမ်းမခံနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒေသတွင်းမှာ နျူကလီးယားစစ်ပွဲဖြစ်အောင် အမေရိကန်က တွန်းပို့နေတယ်ဆိုပြီး မြောက်ကိုရီးယားက ဒီသီတင်းပတ်ထဲ ဝေဖန်ခဲ့ပြီးနောက်မှာပဲ တရုတ်အစိုးရကတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးနဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံနေရတာတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်အစိုးရက တိုက်တွန်းထားတာပါ။

သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ဆွေးနွေးမှုတွေ အမြန်ဆုံးပြန်စကြဖို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တယ်လီဖုန်းဆက် ပြောဆိုရာမှာ တရုတ်သမ္မတ Xi Jinping က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang ကလည်း သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ကြဖို့ မခံချင်စရာဖြစ်အောင် တဖက်နဲ့တဖက် အပြန်အလှန် ပြောဆိုမနေကြဖို့၊ ဆက်သွယ်မှုတွေ ဆွေးနွေးမှုတွေ အမြန်ဆုံးပြန်စနိုင်မယ့် အခြေအနေတရပ်ကို ဖန်တီးကြဖို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG