သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်


TNLA တအာင်းပလောင်တပ်
TNLA တအာင်းပလောင်တပ်

မငြိမ်းချမ်းသေးတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော် တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAတို့အကြား ဒီကနေ့မှာလည်း တိုက်ပွဲဖြစ်ပွါးနေပါတယ်။ ဆက်တိုက်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် မန်တုန် ကျောက်မဲ နမ္မတူဒေသခံရွာသားတွေဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေ ကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မ တော် တောင်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြား ဒီကနေ့အထိ ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေတယ်လို့ TNLA ပြန်ကြားရေးအရာရှိဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။

“တော်တော်လေးတော့တင်းမာနေတယ် ဒီကနေ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ မန်တုန်မြို့နယ်ဘက်ရော နောက် ကျောက်မဲမြို့နယ် ဘက်ကတော့ RCSS နဲ့ ဖြစ်နေတယ် အတိအကျတော့ မသိရသေးဘူး။ မြန်မာတပ်မတော် သင်္ကြန်ပြီးတော့ တပ်မ ၈၈ အင်အားဖြည့်ပြီးမှ ထိုးစစ်ပြန်ဆင်လာတယ်။ အဲဒါကြောင့် ဧပြီလကုန်ခါနီးကနေ ဒီနေ့အထိ တိုက်ပွဲတွေနေ့တိုင်းလိုလိုဖြစ်နေတယ်။ တိုက်ပွဲပေါင်း ၃၀ ကျော်လောက်ရှိတယ်။ RCSSကလည်း ပြီးခဲ့တဲ့ ၄-၅ ရက်တုန်းက ကျူးကျော်ဝင်ရောက်လာတယ်၊ အဲဒါကြောင့် တိုက်ပွဲတွေဖြစ်တယ်။”

TNLAနဲ့မြန်မာ့တပ်မတော်တို့ဟာ မေလ(၁၃)ရက်နေ့မှာ မန်တုံမြို့နယ် မဝေါင်းရွာနဲ့ပန်နင်းကျေးရွာကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ သလို ဧပြီလကနေ ဒီကနေ့အထိ တိုက်ပွဲအကြိမ်(၃၀)ကျော်ဖြစ်ပွါးခဲ့တယ်လို့သူကဆိုပါတယ်။

ဒီလိုတိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေမှုနဲ့ပက်သက်ပြီး မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မျိုးမတွေ့ရသေး ပါဘူး။

တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့လဲ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာနဲ့ တော်ဖဲ ကျေးရွာကြားမှာ ဒီမနက်မှာလဲတို က်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီကနေ့ဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုတော့ ဒေသတွင်းဆက်သွယ်ရေးအခက်ခဲကြောင့် အသေးစိတ်ကိုမသိရှိသေး ဘူးလို့ ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြုထားတဲ့ မန်တုန်မြို့နယ်ထဲကတပ်စခန်း ကို TNLAဘက်က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုမှုတွေရှိနေပေမဲ့ တိုက်ပွဲအခြေအနေကို သိရှိဖို့အတွက် RCSSဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်သွယ်မရရှိခဲ့ပါဘူး။

ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသခံခွန်ကော်ကျေးရွာနဲ့ တော်ဖဲကျေးရွာသားတွေ စစ်ဘေးတိမ်း ရှောင်နေဆဲလို့ ကျောက်မဲမြို့အကူညီပေးရေးအဖွဲ့ဝင်ကိုသားဇော်ကပြောပါတယ်။

“ခွန်ကော်၊တော်ဖဲဘက်က စစ်ပြေးဒုက္ခသည်လေးတွေက ဒီဘက်ကို ပြေးလာပြီဒီနေ့ အခုပြေးလာတယ် လမ်းမှာပဲ ရောက်နေသေးတယ်။ လောလောဆယ်ကတော့ ကျောက်မဲမြို့ကိုပြေးလာတယ်။ ကျောက်မဲကိုတော့ မရောက်သေးဘူးလမ်းမှာ ကျနော်တို့လည်း သွားကြိုဖို့ ကြိုးစားပြီးလုပ်နေတယ်အခု။ ဘယ်နှစ်ယောက်လဲဆိုတာကတော့ ဘာမှမသိရသေးဘူး အကြမ်းပဲ သိရသေးတယ်။ ဟိုမှာကတော့ ဒေသထိတွေ့မှုတွေကနေ ထွက်ပြေးလာတာပေါ့ သူတို့ကတော့ RCSSနဲ့လို့တော့ပြောတယ်။ ဒါပေမယ့် ကျနော်တို့လည်း သူတို့နဲ့တွေ့ပြီးမှပဲ ပြောနိုင်မှာ။”

စစ်ဘေးရှောင်တွေလမ်းခုလတ်မှာရှိနေသေးတဲ့အတွက် အရေအတွက်ကို မသိရှိသေးဘူး လို့သူက ဆိုပါတယ်။

ဒါ့အပြင်တအာင်းပလောင်တပ်ဖွဲ့နဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSSတပ်တို့အကြားတိုက်ပွဲကြောင့် စစ်ဘေး ရှောင်(၂၀၀)ကျော် နမ္မတူမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာတယ်လို့ ဒုက္ခသည်အကူညီပေးရေး ဒုဥက္ကဌစိုင်းဘညာဏ် က ပြောပါ တယ်။

“ကျနော်တို့ ပေါင်ကူးကျေးရွာ၊ နောက်မနမ်ဆော့ကျေးရွာ ၊ ဆိုင်းခေါင်ကျေးရွာ ဒီကျေးရွာတွေကို စစ်ရှောင်တွေရောက်လာတာ။ တိုက်ပွဲအနေအထားကတော့ မရှိဘူး စိုးရိမ်လို့ သူတို့ရှောင်လာတာပေါ့နော်။ ဦးရေ(၂၀၀)ကျော် လောက်တော့ရောက်လာတယ် အခု TNLA က ပေါင်ကူးရွာအနီးအနားမှာ ရှိနေတာပေါ့နော် ၊ နောက် RCSSကလည်း အဲဒီနားမှာ ရောက်နေတယ်ဆိုတဲ့သတင်းကြားတယ်။ ကြားတော့ စိုးရိမ်လို့ သူတို့ရှောင်လာတာပေါ့။”

တအာင်းပလောင်တပ်ဖွဲ့နဲ့တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS တပ်တို့ဟာ ၂၀၁၆ခုနှစ်ဒီဇင်ဘာလမှာ နောက်ဆုံး တိုက်ပွဲဖြစ်ပွါးခဲ့အပြီး ဒီနှစ်မေလမှာတကျော့ပြန်တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့ လာမဲ့မေလ(၂၄)ရက်နေ့မှာ ၂၁ ရာစုပင်လုံညီ လာခံကျင်းပဖို့ပြင်ဆင်နေဆဲတချိန်ထဲမှာဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွါးနေတယ်လို့ TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ဟိုဘက်အစိုးရတုန်းကလည်း ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် အမြဲလိုလို တပ်မတော်ဘက်ကနေပြီးတော့ ထိုးစစ်တွေပြုလုပ်တယ်။ တိုက်ပွဲတွေပြင်းထန်တယ်။အခုလည်း ၂၁ ရာစုပင်လုံစတော့မယ်ဆိုတော့ အခုကတည်းက သူတို့က ကျနော်တို့ဘက်မှာ ထိုးစစ်တွေနေရာယူပြီးသား၊ တိုက်ပွဲကလည်း နေ့တိုင်းလိုလိုဖြစ်နေတယ်။”

တအာင်းပလောင်တပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမြန် မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေသလို NCAလက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့လဲ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဒေသအတွင်းတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် ကျောက်မဲ မန်တုန် ကွတ်ခိုင် နမ္မတူ နမ့်ဆမ်မြို့နယ်က ထောင်နဲ့ ချီတဲ့ ဒေသခံတွေ ကျောက်မဲမြို့ နဲ့နမ္မတူမြို့တွေမှာ စစ်ေဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG