သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေး အခြေအနေ


လောက်ကိုင်မြို့တွင်းမြင်ကွင်း။
လောက်ကိုင်မြို့တွင်းမြင်ကွင်း။

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းဟာ ဒီကနေ့တော့ အခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုလာပြီး ကုန်တင်ယာဉ်အဝင်တွေ မြင့်တက်လာနေတယ်လို့ မူဆယ်မြို့က ကုန်သည်တွေက ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးရဲ့ အခြားလမ်းတခုဖြစ်တဲ့ ချင်းရွှေဟော်ဖက်ကတော့ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ မငြိမ်သက်သေးတာကြောင့် ကုန်သွယ်မှုအခြေအနေဟာ ပြန်လည် မြင့်တက်လာတာမရှိသေးပါဘူး။ တရုတ်မြန်မာနယ်စပ်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၄ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ်လမ်းပိုင်းပေါ်က တိုက်ပွဲတွေနဲ့ ဒီလ ၆ရက်နေ့က စခဲ့တဲ့ လောက်ကိုင်မြို့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေးရဲ့ အဓိက ကျတဲ့ မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေမှာ ကုန်သွယ်မှုအခြေအနေတွေ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို အခြေအနေဟာ ပြန်လည် တည်ငြိမ်လာတာကြောင့် ကုန်တင်ယာဉ် အဝင်အထွက်တွေ မြင့်တက်လာတယ်လို့ မူဆယ်မြို့သစ်သီးကုန်စည်ဒိုင် အတွင်းရေးမှုး ဦးစိုင်းခင်မောင်က ပြောပါတယ်။

"အရင်ရက်တွေက ငါးရာ၊ ခြောက်ရာလောက် ဝင်တဲ့အနေအထားကနေပြီး ကားအစီးရေ ၁၅၀၀ လောက် ဝင်လာတယ်။ အရင်နေ့တွေတုန်းက အခက်အခဲတွေနဲ့ မသွားရဲ မလာရဲနဲ့လေ နောက်ပြီးတော့ လုံခြုံမှု အခြေအနေကလည်း မကောင်းတော့ လုံခြုံရေး တာဝန်ယူမှုအပိုင်းက တားထားတော့ နည်းနည်းကြန့်ကြာတာလည်းပါတယ်။ ဒီနေ့တော့ အကုန်ဖွင့်ချပစ်လိုက်ပြီ။ လုံခြုံမှု ကောင်းလာတဲ့သဘောပေါ့။

ဒီလ ၁၄ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အနည်းဆုံးတိုက်ပွဲ ၄ကြိမ်၊ ၁၅ရက်နေ့မှာ တိုက်ပွဲ ၁ကြိမ်ဖြစ်ခဲ့သလို ၁၆ရက်နေ့ကတော့ ကားတွေကို ရပ်တန့်စေပြီး လက်နက်ကိုင်အဖွဲ့တွေက ငွေကြေးကောက်ယူတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ပွားခဲ့တဲ့နောက် ဒီရက်ပိုင်းမှာ ကုန်ပစ္စည်း သယ်ယူခငွေတွေ မြင့်တက် လာတယ်လို့လည်း ဦးစိုင်းခင်မောင်က ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဘက်မှာတော့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်ကို ရောက်ရှိနေသူတဦးက ပြောပါတယ်။

" တိုက်တုန်းပဲ တိုက်တုန်းပဲ။ သူတို့က ပစ်တော့ ပစ်ပါတယ် အသံတွေကတော့ တဗုန်းဗုန်းပဲ ဘယ်နားကမှန်းတော့ မသိဘူး။ နေရာတွေက နေရာဟောင်းပဲပြောတာပဲ။"

ပြီးခဲ့တဲ့၁၄ရက်နေ့ကတော့ အစိုးရတပ်မတော်က ရန်လုံကျိုင်းအနီးက တောင်ကုန်းကို သိမ်းယူကြောင်း သတင်းထုတ်ပြန်ခဲ့သလို ၁၅ရက်နေ့မှာတော့ မော်ထိုက်မြို့က တပ်စခန်းနဲ့ အနီးအနားကို ကိုးကန့်တပ်ဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အခြေခံပညာ အထက်တန်းကျောင်းနဲ့ ရဲစခန်းက အဆောက်အဦးတချို့ ထိခိုက်ပျက်ဆီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ ၆ရက်နေ့ စတင်တဲ့တိုက်ပွဲတွေကြောင့် ကိုးကန့်ဒေသ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှာလည်း လုံခြုံရေးအပေါ် စိုးရိမ်တာကြောင့် ကားအဝင်အထွက်တွေ ကျဆင်းခဲ့ပြီး တရက်ကို ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ တသန်းခွဲလောက်ကနေ ၅သိန်းအထိ ကျဆင်းခဲ့ပါတယ်။

ဒီလိုကျဆင်းခဲ့ပေမဲ့ ဒီကနေ့အထိတော့ ကုန်သွယ်ရေးအခြေအနေဟာ လုံး၀ ရပ်တန့်သွားတာတော့ မရှိသေးကြောင်း ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းက ညွှန်ကြားရေးမှုး ဦးမင်းအောင်အေးက ပြောပါတယ်။

" ကုန်သွယ်မှုက အရင်လောက် မရှိပေမဲ့ သူ့ဘာသာနဲ့သူ အမှာရှိတဲ့ ကုန်အနည်းအကျဉ်း ကတော့ သွားတာလာတာ ရှိတယ်။ လုံးဝရပ်တန့်သွားတာ မရှိဘူး။ ဒီဘက်မှာ တိုက်ပွဲ အကြီးအငယ်ဖြစ်တာ မရှိပါဘူး။"

ကွမ်းလုံမြို့က ဒေသခံတယောက်ကလည်း မြန်မာပြည်ဘက်ကနေ ပြောင်းနဲ့ကြံတင်ပို့တာ ရှိပေမဲ့ အခြေအနေဟာ အရင်အတိုင်းတော့ မရှိသေးကြောင်း ပြောပါတယ်။

" နယ်စပ်ကုန်သွယ်ရေးက မြန်မာပြည်က လာတာတော့ ပြောင်းကားတွေပဲ လာတယ်။ ပြောင်း ၁၂ ဘီးတွေလေ။ တောင်ပေါ်က ကြံတွေကတော့ တရုတ်ပြည် ကြံစက်ရုံဘက် ပို့တာပေါ့။ လူစီးကားရော ခရီးသည်ရော ပုံမှန်သွားပါတယ် အကို။ ကုန်ကားတွေကတော့ ဒီဘက်တကြော လန့်တာနေမှာပေါ့နော့် ခါတိုင်းသွားတာလောက်တော့ သိပ်မရှိဘူးပေါ့။"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းခဲ့သလို အဲဒီနှစ် ဘဏ္ဍာနှစ်မှာ အရင်နှစ်နဲ့ နှိုင်းစာရင် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ကျော်အထိ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ဒီလို ကျဆင်းတာဟာ လက်နက်ကိုင်တိုက်ပွဲတွေအပြင် တရုတ်အာဏာပိုင်တွေက တရားမဝင် ဆန်တင်သွင်းတာကို ဖမ်းဆီးတာကြောင့်လည်း ပါဝင်တယ်လို့ လည်းသုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG