သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်-လားရှိုးလမ်း မတည်ငြိမ်သေး


မူဆယ်-လားရိုးကားလမ်းမ (Photo- freelance Journalist Zaw Moe Htet)
မူဆယ်-လားရိုးကားလမ်းမ (Photo- freelance Journalist Zaw Moe Htet)

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မူဆယ်- လားရှိုးလမ်းမှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေက ကုန်တင်ကား အနည်းဆုံး ၆စီးကို ရပ်တန့်စေပြီး ငွေကြေးကောက်ယူသွားတယ်လို့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေက ပြောပါတယ်။ မူဆယ်- လားရှိုးပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ၂ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကုန်သည်တွေကတော့ ရေရှည်မှာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လာမှာစိုးရိမ်နေကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီလ ၁၄ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီကနေ့အထိလည်း လုံခြုံရေးအခြေအနေဟာ ငြိမ်သက် အေးချမ်းတာမရှိသေးပါဘူး။

ဒီကနေ့ မနက်ခင်းအစောပိုင်းကတော့ နမ့်ဖတ်ကာအနီးမှာ ကုန်တင်ကားတွေကို ရပ်တန့်စေပြီး ငွေကြေးကောက်ယူတာတွေရှိကြောင်း နမ့်ဖတ်ကာရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။

“ခိုမုန်းကျေးရွာဆိုတာက နမ့်ဖတ်ကာ အပိုင်ပေါ့နော် အဲဒီကျေးရွာအနီးမှာ ဆက်ကြေးကောက်တယ် ကား ၆ စီးကို လို့သိရတယ်ခင်ဗျ။ ကားတစီးကို ရှေ့ဘီးနောက်ဘီးတွေ ပစ်ပြီးတော့ ကားကို ကန့်လန့်ခံတယ် လို့သိရတယ်ခင်ဗျ။TNLA ရော လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေလို့ သိရတယ်ခင်ဗျ။”

ကားအသွားအလာတွေ ရပ်တန့်ခဲ့တဲ့နောက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပေမဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့ မရှိကြောင်း ပြောပါတယ်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်ထွန်းကလည်း လက်ရှိ ဖြစ်ပွားခဲ့တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကားတွေကိုတော့ ၅ သိန်းကောက်တယ်လို့ သိရတယ်။ အရေအတွက်ကတော့ မသိရဘူး ခရီးသည်တွေဆီကလည်း ၂ သောင်းလောက်ကောက်တယ်လို့ သိရတယ်။ တိုက်ပွဲကတော့မဖြစ်ဘူး။ သူတို့ မနက် ၄ နာရီခွဲလောက်မှာ ဂျူပီတာကားဘီးကို သေနတ်နဲ့ ဖောက်ထားပြီးတော့မှ လမ်းမှာ ပစ်ထားတာပေါ့နော်။ နောက် ဖရဲသီးကားတွေလည်း ပါတယ် ၁၂ ဘီးကားတွေလည်းပါတယ်။ အဲဒါတွေ ပစ်ဖောက်ထားပြီးတော့ လမ်တွေပိတ်ထားတာပေါ့နော်။ ကားတွေပိတ်ထားတော့ လုံခြုံရေးအဖွဲ့နဲ့ ရဲတွေသွားရှင်းတာပေါ့နော် ။ ရှင်းတဲ့အချိန်မှာ ထိတွေ့မှုတော့ မရှိဘူးလို့ သိရပါတယ် ၉ နာရီခွဲလောက်ကျတော့ ပွင့်သွားပါတယ်။”

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ ၄ပုံ ၃ပုံလောက်ဟာ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးက တဆင့် ပို့ဆောင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် လမ်းမကြီးပေါ်မှာ အခုလို အခင်းဖြစ်ပွားနေမယ်ဆိုရင် ရေရှည်မှာ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်လာနိုင်ကြောင်း မူဆယ်မြို့ သစ်သီးကုန်စည်ဒိုင်အတွင်းရေးမှုး ဦးစိုင်းခင်မောင် က ပြောပါတယ်။

“ရေရှည်မှာဆိုရင်တော့ ထိခိုက်သွားနိုင်တာပေါ့၊ ဒါပေမယ့် လောလောဆယ်အနေအထားအရဆိုရင်တော့ ဒီလိုမျိုးအနေအထားတွေကို ရှောင်ရင်းပြုရင်းနဲ့ သွားလာနေရတာပဲ ၊ ကုန်သည်တွေ ကားသမားတွေ ၊ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်၊ ဆက်ကြေးကောက်နေတယ်ဆိုရင် အဲဒီအချိန်မှာ ရပ်စောင့်၊ ရှင်းတယ်ဆိုရင်ဆက်သွား။ အခုလောလောဆယ်ကတော့ ပုံမှန်ဝင်တယ် ရေရှည်အနေနဲ့ကတော့ ဒါလုံးဝမကောင်းတဲ့အလားအလာ နောက်ပိုင်းမှာ ဒီကုန်သည်မူအားလုံးနဲ့ လူနေမှုဘဝတွေကို ထိခိုက်ကုန်မှာပေါ့လေနော်။”

တဆက်တည်းမှာ ပြည်သူတွေရဲ့ လိုလားချက်ကိုလည်း ဦးစိုင်းခင်မောင်က အခုလို ပြောပါတယ်။

“အားလုံးကတော့ ကိုယ့်ခံယူချက်နဲ့ နေတာပဲ ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ပြည်သူအတွက် ကိုယ့်နယ်မြေကို လုပ်တာပဲ ၊ လုံခြုံရေးယူနေတဲ့ တပ်မတော်အဖွဲ့အစည်းကလည်း ဒါပြည်သူအတွက် နယ်မြေလုံခြုံရေးအတွက် လုပ်နေတယ်ပြောနေတာပဲ။ သို့သော် အမှန်တကယ် အနိဋ္ဌာရုံ တွေကို ခံစားနေရတာက ပြည်သူတွေလေနော် ။ ပြည်သူ့ဆန္ဒကို အလေးထားတယ်ဆိုရင်တော့ ဒါကတော့ စေတနာဖြူစင်စွာနဲ့ ၂ ဘက်အဖွဲ့အစည်းက ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်ပါ။ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးရင်တော့ လမ်းပန်းဆက်သွယ်မှုကောင်းလာမယ်၊ ပြီးရင် လူမှုစီးပွားတွေဖွံ့ဖြိုးတိုးတက်လာမယ်။ ပြည်သူတွေဘ၀ မြင့်တင်ဖို့ကတော့ ဒါအမြန်ဆုံး ငြိမ်းချမ်းရေးကတော့ ယူရတော့မှာလေနော်။”

လောလောဆည် ကိုးကန့်ဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကားအဝင်အထွက် နည်းပါးလာပြီး တရက်ကို ကုန်သွယ်မှုတန်ဖိုး အမေရိကန် တသန်းလောက်အထိ ထိခိုက်နေကြောင်း ကုန်သွယ်ရေးစခန်းတာဝန်ရှိသူက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါးရပ်ဆိုင်းခဲ့သလို တရက်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မူဆယ်-လားရှိုးလမ်း မတည်ငြိမ်သေး
please wait

No media source currently available

0:00 0:03:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG