သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီရောက်အိုဘားမား ကန်နဲ့ကမ္ဘာတဝန်း အဆက်မပြတ်ဆက်ဆံရေး အလေးအနက်ပြော


ဂျာမနီနိုင်ငံရောက် အိုဘားမား
ဂျာမနီနိုင်ငံရောက် အိုဘားမား

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကြီးနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံသွားမှာဖြစ်တယ်ဆိုတာ ဂျာမန်တွေနဲ့ ဥရောပတိုက်သားတွေ အကုန်လုံးကို အလေးအနက် ပြောဆိုပြီး အမေရိကန်နဲ့ ဥရောပအကြား ခိုင်မာတဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် သမ္မတ ဘရာ့ခ် အိုဘားမားက ဂျာမနီနိုင်ငံခရီးစဉ်အတွင်း အထူးအလေးပေးပြောဆိုပါတယ်။

သမ္မတအိုဘားမားဟာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း နောက်ဆုံး ပြည်ပခရီးစဉ်မှာ ဂျာမနီနိုင်ငံကို အဓိက ခရီးတထောက် အဖြစ် ရွေးချယ်ခဲ့တာပါ။ ဂျာမနီဟာ ဥရောပရဲ့ ထိပ်တန်းစီးပွားရေးနိုင်ငံ၊ အမေရိကန်ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သလို မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့မှာ အရေးပါတဲ့အဖွဲ့ဝင်တဦးဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို လက်ခံထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အမျိုးသားရေးဝါဒီ လှုပ်ရှားမှုတွေ အားကောင်းလာနေတဲ့ ဥရောပမှာ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ဟာ လစ်ဘရယ်ဝါဒီ တွေအတွက် အထင်ရှားဆုံး ခေါင်းဆောင်တဦးအဖြစ် ပေါ်ထွက်လာနိုင်ခြေရှိတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါ တယ်။ သမ္မတအိုဘားမားရဲ့ အခု နောက်ဆုံးခရီးစဉ်ဟာ ဂျာမနီနိုင်ငံကိုသွားတဲ့ ခြောက်ကြိမ်မြောက် ခရီးစဉ်ပါ။ ဥရောပတိုက်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ထိတွေ့ဆက်ဆံရေးတို့အပေါ် အမေရိကန်ရဲ့ သန္နိဋ္ဌာန်ကို အခိုင်အမာ ထပ်ပြီးပြသလိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာတလွှား ပေါင်းကူးဆက်သွယ် လုပ်ဆောင်မှု Globalization ဟာ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားနဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်တို့ ဂျာမန်သတင်းစာ Wirtschaftswoche မှာ ပူးတွဲရေးသားတဲ့ ထင်မြင်ချက် ဆောင်းပါးထဲ ထည့်ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG