သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဂျာမနီဝန်ကြီးချုပ် မာကဲနဲ့ တွေ့ဆုံ


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲနဲ့ တွေ့ဆုံဖို့ ဗုဒ္ဓဟူးနေ့မှာပဲ ဘာလင်မြို့ကို ရောက်ရှိလာပြီး၊ ညနေပိုင်းမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandenburg Gate ရဲ့ ဘေးကပ်လျက်မှာရှိတဲ့ နာမည်ကျော် Adlon ဟိုတယ်မှာ ဂျာမန်ဝန်ကြီးချုပ်နဲ့ ညစာစားခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ ၈ နှစ်ကြာ သမ္မတသက်တမ်းကာလအတွင်း ဂျာမနီနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးအပေါ် အခုအခါ အမေရိကန်ပြည်ထောင်စုမှာ နောက်တက်မယ့် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံထားရတဲ့အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်နေရတာပါ။

ကမ္ဘာတဝှမ်း ဘဏ္ဍာရေးအကြပ်အတည်းတွေကို ကျော်လွှားဖို့၊ လွတ်လပ်စွာ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့နဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို တိုက်ဖျက် နိုင်မယ့် နိုင်ငံတကာ သဘောတူညီမှုတွေ ရရှိနိုင်ဖို့ လက်တွဲခဲ့ကြတဲ့ အမေရိကန်နဲ့ ဂျာမနီခေါင်းဆောင် ၂ ဦးတို့ဟာ အပြန်အလှန်လက်ခံထားတဲ့ စံတန်ဘိုးတွေကို အလေးထားဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကိုလည်း ဂျာမန်သတင်းစာတစောင်ဖြစ်တဲ့ Wirtschaftswoche မှာ ပူးတွဲ ရေးသား ခဲ့ကြပါတယ်။

ကြာသပတေးနေ့မှာ ဂျာမန်ဝန်ကြီးချုပ် မာကဲနဲ့ သမ္မတ အိုဘားမားတို့ နှစ်နိုင်ငံကြား ဆွေးနွေးပြောဆိုဖို့ရှိပြီး၊ သောကြာနေ့မှာတော့ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဂျာမနီခရီးစဉ်မတိုင်မီ သွားရောက်ခဲ့တဲ့ ဂရိနိုင်ငံ အေသင်မြို့က မိန့်ခွန်းမှာတော့ - ကမ္ဘာတဝှမ်း နိုင်ငံတော်တော်များများဟာ ဖိနှိပ်အုပ်ချုပ်မှုတွေက နေ ရုန်းထွက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့အကြောင်း - မြန်မာနိုင်ငံကိုလည်း ဥပမာတခုအနေနဲ့ သမ္မတ အိုဘားမား က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“ဒါကြောင့်လည်း ဒီကနေ့ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ပန်းတိုင်ကို ရွေးချယ်တဲ့ ယူကရိန်းလူထုရဲ့ အခွင့်အရေးကို ကျနော်တို့ အားပေး ထောက်ခံနေ တာပါ၊ ဒီမိုကရေစီကို ရွေးချယ်လျှောက်လှမ်းကြတဲ့ မြန်မာ၊ တူနီးရှားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်နေတာပါ။”

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ကို အာဏာလွှဲပြောင်းပေးမှု မတိုင်ခင် သမ္မတ အိုဘားမားရဲ့ အမေရိကန်သမ္မတတဦးအနေနဲ့ နောက်ဆုံးသွားရောက်တဲ့ ဥရောပခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ဂရိနိုင်ငံကို အရင်ဆုံး သွားရောက်တာဖြစ်ပြီး၊ အခု ဂျာမနီခရီးစဉ်နဲ့ ဒီနောက်မှာ ပီရူးနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG