သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ပြည်ပ နောက်ဆုံးခရီးစဉ် ထွက်


သမ္မတ ဘရာ့ခ်အိုဘားမား 
သမ္မတ ဘရာ့ခ်အိုဘားမား 

သမ္မတသက်တမ်း တာဝန်မကုန်ဆုံးမီ နောက်ဆုံး နိုင်ငံခြားခရီးစဉ်ကို သမ္မတ ဘရာ့ခ်အိုဘားမား ဒီကနေ့ စတင်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း ရွေးကောက်ခံသမ္မတ Donald Trump နဲ့ပတ်သက်တဲ့ ကိစ္စတွေကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ သမ္မတ အကြံပေးတွေက ပြောပါတယ်။

ဂရိ၊ ဂျာမနီ နဲ့ ပီရူး နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ရင်းနှီးတဲ့ မဟာမိတ်တွေနဲ့ အတူတကွရပ်တည်မှုကို ပြသတဲ့အနေနဲ့ရော၊ အင်အားကောင်း စည်းလုံးပြီး ညီညွတ်တဲ့ ဥရောပအဖြစ် ထောက်ခံ အားပေးသွားမှာကို ပြသတဲ့ဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က ပြောပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ဂရိနိုင်ငံမှာ အဓိကထားပြောကြားမယ့် မိန့်ခွန်းထဲမှာ ဂရိနိုင်ငံအပြင် ကမ္ဘာကြီးဘယ်နေရာမှာပဲဖြစ်ဖြစ် အတူတကွ ကြွယ်ဝချမ်းသာရေးနဲ့ မညီမမျှဖြစ်မှုတွေကို ပြင်ဆင်နေတဲ့ တချိန်တည်းမှာ စီးပွားရေးအရ စိန်ခေါ်မှုတွေကို ဆက်လက် ကိုင်တွယ် ဆောင်ရွက်မယ့်အကြောင်း ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဂရိနိုင်ငံအပေါ် နိုင်ငံကကာက ဘဏ္ဍာရေး အထောက်အကူ ပေးအပ်ထားတာနဲ့ပတ်သက်လို့ ထောက်ခံကြောင်း ဝန်ကြီးချုပ် Alexis Tsipras နဲ့ ဆွေးနွေးသွားမှာဖြစ်သလို၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့လည်း သမ္မတ အိုဘားမား ကြာသပတေးနေ့မှာ တွေ့ဆုံမှာဖြစ်တယ်လို့ Rhodes ကပြောပါတယ်။

သမ္မတသက်တမ်းတလျှောက် ဝန်ကြီးချုပ် Angela Merkel ဟာ သမ္မတ အိုဘားမားရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း သမ္မတအိုဘားမားဟာ သောကြာနေ့ကျရင် ဘာလင်မှာ တွေ့ဆုံပြီး IS အစွန်းရောက်တွေကို နှိမ်နင်းရေး၊ ရွှေ့ပြောင်းအခြေချသူတွေအရေးနဲ့ ယူကရိန်းအပါအဝင် အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG