သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နောက်ဆုံးပြည်ပခရီး ဂရိနဲ့စတင်


နေတိုးစစ်မဟာမိတ်အဖွဲ့ဟာ မရှိမဖြစ် အရေးကြီးတဲ့အဖွဲ့ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတသစ် Donald Trump လက်ထက်ကျရင်လည်း အရင်ပေးထားတဲ့ ကတိတာဝန်တွေအတိုင်း အမေရိကန်က ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာကို ဥရောပခေါင်းဆောင်တွေကို အာမခံချက်ပေးဖို့ သမ္မတအိုဘားမားက လက်ရှိ ဥရောပခရီးစဉ်မှာ ကြိုးစားနေတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အစိုးရအပြောင်းအလဲ ဖြစ်လာမှာဖြစ်ပေမဲ့ နေတိုးအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေက စဉ်ဆက်ပြတ်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက အင်္ဂါနေ့တုန်းက ဂရိနိုင်ငံ Athens မြို့တော်မှာ ပြောကြားခဲ့ပါတယ်။ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့လည်း သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ပါတယ်။

နေတိုးအဖွဲ့မှာ အမေရိကန်နိုင်ငံက အသုံးစရိတ် မတန်တဆ အများကြီးသုံးစွဲနေရတာကြောင့် အဖွဲ့ထဲက ထွက်မယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ ပြောကြားခဲ့တာပါ။ ဒါကြောင့် သူသမ္မတအဖြစ် ရွေးကောက်ခံရတော့ နေတိုးစစ်မဟာမိတ်အဖွဲ့မှာ အမေရိကန်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ မရှိတော့မှာကို တချို့ဥရောပခေါင်းဆောင်တွေက စိုးရိမ်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အဓိကမဟာဗြူဟာမြောက် ဆက်ဆံရေးတွေကို ဆက်လက်ထားရှိသွားဖို့ သူနဲ့တွေ့ဆုံစဉ်မှာ Trump က ပြောခဲ့တယ်လို့ သမ္မတ အိုဘားမား ဥရောပကို ခရီးမထွက်ခင် တနင်္လာနေ့က အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သမ္မတတာဝန်နဲ့ နောက်ဆုံးခရီးသွားနေတဲ့ သမ္မတ အိုဘားမားက စီးပွားရေးအကြပ်ရိုက်နေတဲ့ ဂရိနိုင်ငံက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကိုယ်ချင်းစာစိတ်နဲ့ ကူညီတဲ့အပေါ် ချီုးကျူးကြောင်း ဝန်ကြီးချုပ် Alexis Tsipras နဲ့ တေ့ွဆုံစဉ် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ညကတော့ ဂရိသမ္မတတည်ခင်းတဲ့ ညစာစားပွဲမှာ အမေရိကန်နဲ့ ဂရိနိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ချီးကျူးပြောဆိုခဲ့ပါတယ်။ အေသင်မြို့တော်မှာ အမေရိကန်သမ္မတကို ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင် သမ္မတအိုဘားမားဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ဆီကို ခရီးဆက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG