သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးရောယှက်မှု များလာမည့် ၂၀၁၇ အော်စကာ


အမေရိကန်နိုင်ငံရဲ့ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲဖြစ်တဲ့ ၈၉ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို အခု အသံလွင့်ပြီး မကြာခင် နာရီပိုင်းအတွင်း Los Angeles မြို့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တနှစ်တာအတွက် ဟောလိဝုဒ်က ထုတ်လုပ်တဲ့ အကောင်းဆုံး ရုပ်ရှင်ကားတွေကို ရွေးချယ် ချီးမြင့်မယ့် အော်စကာ ဆုပေးပွဲကို ကမ္ဘာတဝှမ်း ပရိတ်သတ်တွေပါ စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း သမ္မတ Donald Trump ရွေးကောက် တင်မြောက်ခံရပြီးတဲ့နောက် နိုင်ငံရေး အယူအဆ ကွဲပြားမှုတွေ သိသိသာသာ ဖြစ်ပေါ်နေတာကြောင့် ၂၀၁၇ ခုနှစ်အတွက် အော်စကာဆုပေးပွဲဟာ အခါတိုင်းနှစ်တွေနဲ့မတူပဲ နိုင်ငံရေးပါတဲ့ သုံးနှုန်း ပြောဆိုမှုတွေ ပိုများနိုင်တယ်လို့ အများစုက ခန့်မှန်းနေကြပါတယ်။

အခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ကားတွေအဖြစ် La La Land ၊ Arrival ၊ Fences ၊ Hacksaw Ridge ၊ Hell or High Water ၊ Lion ၊ Manchester by the Sea ၊ Moonlight စတဲ့ ရုပ်ရှင်ကားတွေ စကာတင် ရွေးချယ်ခံထားရပါတယ်။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်အဖြစ်ကတော့ - La La Land ဇာတ်ကားထဲက Ryan Gosling ၊ Fences ကားထဲက Denzel Washington ၊ Hacksaw Ridge ဇာတ်ကားထဲက Andrew Garfield ၊ Lion ကားထဲက Dev Patel ၊ Captain Fantastic ကားထဲက Viggo Mortensen တို့ စကာတင် ရွေးချယ်ခံထားရပါတယ်။

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ်ကတော့ - La La Land ဇာတ်ကားထဲက Emma Stone ၊ Moonlight ကားထဲက Mahershala Ali ၊ Fences ကားထဲက Viola Davis ၊ Moonlight ကားထဲက Naomie Harris ၊ Hidden Figures ကားထဲက Octavia Spencer ၊ Manchester by the Sea ကားထဲက Michelle Williams တို့ စကာတင် ရွေးချယ်ခံထားရပါတယ်။

မနှစ်က အော်စကာ ဆုပေးပွဲမှာ စကာတင် ရွေးချယ်ခံံခဲ့ရတဲ့ အဓိက သရုပ်ဆောင်အားလုံးဟာ လူဖြူတွေချည်းဖြစ်တာကြောင့် ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အခုနှစ်မှာ လူမည်းနဲ့ တခြား လူဖြူမဟုတ်တဲ့သူတွေပါ စကာတင် ရွေးချယ်ခံထားရတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG