သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံး အခြေနေ


ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုမှာ အချက် ၃၀ ကျော် သဘောတူညီမှု ရခဲ့ပြီး ညီလာခံပိတ်ပွဲ အခမ်းအနားမှာ ဒီအချက်တွေကို သက်ဆိုင်ရာ အစုအဖွဲ့ခေါင်းဆောင်တွေက သဘောတူ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ ခွဲထွက်မှု ဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေနဲ့ ပါတ်သက်ပြီး အတည်ပြု သဘောတူနိုင်ခြင်း မရှိပါဘူး။ အပြည့်အစုံကို နေပြည်တော်မှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ပြောပြပေးမှာပါ။

၆ရက်တာ ကျင်းပခဲ့တဲ့ ညီလာခံဟာ မကြာခင်မှာပဲ ပြီးဆုံးတော့မှာပါ။ ဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာ၊ လူမှုရေးနဲ့ လုံခြုံရေးစတဲ့ ကဏ္ဍ ၅ခုကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီကဏ္ဍတွေအတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အမျိုးသားအဆင့် ဆွေးနွေးမှုတွေကနေ တက်လာတဲ့ အချက် ၄၀ကျော်ကို ဆွေးနွေးခဲ့တာပါ။ ဒီလို ဆွေးနွေးခဲ့တာမှာ အချက် ၃၀ကျော် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဒါကို ဒီကနေ့ညီလာခံပိတ်ပွဲမှာ သက်ဆိုင်ရာအစုအဖွဲ့ ခေါင်းဆောင်တွေက သဘောတူ လက်မှတ်ရေး ထိုးမှာ ဖြစ်ပါတယ်။

သဘောတူဖို့ ကျန်ရှိနေသေးတဲ့ အချက်ကတော့ ၁၀ချက်နီးပါး ရှိပါတယ်။ ဒီထဲမှာ နိုင်ငံတော်ရဲ့ နယ်မြေ အပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ ဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့ အချက်နဲ့ လုံခြုံရေးဆိုင်ရာ အချက်အ လက်တွေကတော့ ဆွေးနွေးညှိနှိုင်းလို့ မရတဲ့အတွက် အဲဒီ အချက်တွေကိုတော့ ဒီညီလာခံမှာ အတည်ပြုချက် ယူ တင်သွင်းနိုင်တော့မှာ မဟုတ်ပါဘူး။ သဘောမတူနိုင်တဲ့ အချက်တွေထဲက ခွဲမထွက်ရ ဆိုတဲ့ အချက်နဲ့ပတ်သတ်လို့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“စကားလုံးကတော့ ဒီအပေါ်မှာ သူ့ဘက်ကိုယ့်ဘက် ခံစားချက်တွေရှိတယ်။ အမြင်ကတော့ ပြည်ထောင်စုကနေခွဲမထွက်ကြဘူး အတူနေကြမယ်၊ စုပေါင်းနေကြမယ်ဆိုတဲ့ အမြင်ကတော့ တူပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတူပြီးသားအမြင်မှာ စကားလုံးအပေါ်မှာပေါ့လေ တယောက်နဲ့တယောက်ခိုင်မာမှုကို လိုချင်တယ်။ လိုချင်တဲ့အခါမှာ ကျနော်တို့ အလှဆုံးစကားလုံးကို ဘယ်လိုရွေးချယ်မလဲ ၊ ကျနော်တို့က တသက်လုံးမခွဲပါဘူးလို့ပြောတာထက်စာရင် တသက်လုံးအတူပေါင်းကြမယ်ဆိုတာ အဲဒီလိုမျိုး အပြုသဘောဆောင်တဲ့ စကားရပ်ကို ကျနော်တို့ ရှာဖွေရမှာဖြစ်ပါတယ်။ ညီလာခံမတိုင်ခင်မှာ ကျနော်တို့က ဥပမာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပူးတွဲကော်မတီ အစည်းအဝေးတွေလည်းရှိမယ်။ အစည်းအဝေးမျိုးစုံကို ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ အမျိုးသားနိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေကိုလည်း ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲပေါ့လေ ၊ ညီလာခံမှ မဟုတ် ညီလာခံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ ဒီကိစ္စရပ်တွေကို ကျနော်တို့ ဆက်လက်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။ လုံခြုံရေးကိစ္စကတော့ သီးခြားအနေနဲ့ ပြည်ထောင်စုအဆင့်မှာဆွေးနွေးမှာဖြစ်ပါတယ်။”

ခွဲမထွက်ရဆိုတဲ့ အချက်ကို တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က လက်ရှိအချိန်မှာ မထည့်သွင်းစေချင်တာကြောင့် သဘောတူညီမှု မရခဲ့တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေ ကို ပြောဆိုထားပါ တယ်။

လုံခြုံရေးဆိုင်ရာတွေနဲ့ ပတ်သတ်ပြီး ညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ ဗိုလ်ချုပ်အဆင့်ရှိသူ အမည်မဖော်လိုတဲ့ တပ်မတော်သား ကိုယ်စားလှယ်က ပြောပြခဲ့တာကတော့

“ဖက်ဒရယ်တပ်မတော်ဆိုတာက အခုက ဖက်ဒရယ်က ခေတ်စားနေတော့ ဖက်ဒရယ်တပ်မတော်ဆိုတာကို တွင်ကျယ်သုံးနေကြတာပဲလေ။ တကယ်တော့ ဖက်ဒရယ် ဆိုတာက ပေါင်းစည်းခြင်းပဲ ။ ဥပမာအားဖြင့်- မောင်လှနာမည်နဲ့ အဲဒီမှာ မောင်လှက အရပ်အရှည်သော မောင်လှ အဲဒီတော့ ဖက်ဒရယ်ဆိုတာက ဝိသေသနပြုတဲ့ စကားပဲလေ၊ ပေါင်းစည်းခြင်း။ ဒါကို အထူးပြုတဲ့အနေနဲ့ အလွန်ချောသော လှသော မောင်လှဆိုပြီးတော့ မြန်မာမှာ မသုံးပါဘူး။ တပ်မတော်က တပ်မတော်ပါပဲ။”

အခုနောက်ဆုံး သဘောတူထားတဲ့ အချက်တွေကို သက်ဆိုင်ရာ အစုအဖွဲ့ခေါင်းဆောင်တွေက သဘော တူ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။လက်ရှိ မှာတော့ အစိုးရဘက်က အဖွဲ့ခေါင်းဆောင် အနေနဲ့ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အစုအဖွဲ့ ဘက်က KNU အဖွဲ့ ဒုဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း၊ နိုင်ငံရေးပါတီဘက်က ဦးသုဝေတို့ လက်မှတ်ရေး ထိုးကြမှာပါ။ တပ်မတော်ဘက်နဲ့ လွှတ် တော်ဘက်က နာမည်စာရင်းတွေကိုတော့ မနေ့ည ၁၁နာရီထိ မသိရသေးပါဘူး။ ဒီအချက်တွေကို လက်မှတ်ထိုးပြီးရင် ဘယ်လိုဆက်လက် လုပ်ဆောင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ခုလို ပြောပါတယ်။

“NCA ဖြစ်ပေါ်လာတဲ့အတွက် NCA လမ်းကြောင်းအတိုင်းပဲ ပြည်ထောင်စုသဘောတူညီစာချုပ်ကို ကျနော်တို့က အစိတ်အပိုင်းအလိုက် သွားပြီးတော့ နောက်ဆုံး ပြည်ထောင်စုသဘောတူညီစာချုပ်ကြီး ဖြစ်လာမှာ ။ အဲဒါပြီးရင် ကျနော်တို့က အကောင်အထည်ဖော်တဲ့အဆင့်ဆက်သွားမှာ ဒါတွေက ကျနော်တို့ NCA လမ်းပြမြေပုံမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့မူလကတည်းကအတိုင်း ကျနော်တို့ ဒီအချက်တွေကို ဖော်ထုတ်တာက အများလက်ခံနိုင်သော အခြေခံမူဝါဒဖြစ်ပါတယ်။ Principle တွေကတော့ ကျနော်တို့ တော်တော်များများ အားလုံးလက်ခံနိုင်တဲ့ဟာကို ကျနော်တို့ယူထားတာပါ။ ဒါက Principle ဖြစ်ပါတယ် အဲဒီ Principle အပေါ်မှာ ကျနော်တို့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အဖြစ် အခြေခံမူတွေဖြစ်လာမှာဖြစ်ပါတယ်။ အခြေခံမူတွေမှာ ကျနော်တို့ အသေးစိတ်တွေသွားဖို့ရှိပါသေးတယ်။ အဲဒီအတွက် ဒါကလည်း အားလုံးလက်ခံနိုင်တဲ့ အနေအထားဖြစ်အောင်လို့ ကျနော်တို့ကြိုးစား ထားပါတယ်။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ(UPDJC) ရဲ့ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူတဦးကတော့ ဒီရလာတဲ့အချက်တွေကို လွှတ်တော်မှာ တင်ပြကာ အတည်ပြုချက် ယူမှာဖြစ်ပြီး နောက်ညီလာခံတွေ ကျရင်လည်း ဒီထွက်ပေါ်လာတဲ့ အချက်တွေကို အခုလိုဘဲ စုစည်းမှာ ဖြစ် ကြောင်း ပြောပါတယ်။ ဒီအချက်တွေက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အချက်တွေဖြစ်ကြောင်းနဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဖို့ ခက်တာကြောင့် အခုလို လွှတ်တော်ပြင်ပ လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီဆွေးနွေးချက်တွေမှာ တပ်မတော်ကပါ သဘောတူတာဖြစ်လို့ လွှတ်တော်တွင်း ဒီအချက် တွေကို အတည်ပြုရင် တပ်ပိုင်းဘက်က ကန့်ကွက်စရာ မလိုတော့တဲ့အတွက် ဖွဲ့စည်းပုံပြင်နိုင်မယ် လို့ ပြောကြားခဲ့ ပါတယ်။ ဒီလိုပြင်ဆင် နိုင်ဖို့ ဘယ်လောက် အချိန်ယူမလဲ ဆိုတာကိုတော့ အဲဒီထိပ်တန်းခေါင်းဆောင်က မဖြေကြားခဲ့ပါဘူး။

ညီလာခံတွေကို တနှစ် ၂ ခါကျင်းပ ရမယ်ဆိုတဲ့ NCA စာချုပ်ပါ သဘောတူညီချက် အရ တတိယအကြိမ် ညီလာခံကို နောက်ထပ် ၆လ အကြာမှာ ကျင်းပဖို့ ယာယီ သဘောတူညီ လက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG