သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံ ငြိမ်းချမ်းရေးညီလာခံအပေါ် ကန်ပညာရှင်အကောင်းမြင်


၂၁ရာစုပင်လုံညီလာခံမှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ ပါဝင်လာအောင် တရုတ်အစိုးရဲ့ ကူညီပံပိုးမှုဟာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာ တခုဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင်တဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အိမ်နီးချင်း တရုတ်နိုင်ငံကို ရင်းရင်းနှီးနှီးနဲ့ အလေးပေးဆက်ဆံမှုဟာ တရုတ်အစိုးရဘက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလိုလိုလားလား ထောက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်အောင် ကူညီပံပိုးပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မေလ (၂၄)ရက်နေ့က တရုတ်နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ကို မြှင့်တင်တဲ့ ကြိုးစားအားထုတ်မှုမှန်သမျှ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီချင်းနိုင်ငံအနေနဲ့ တရုတ်ကနေ ထောက်ခံကူညီမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးကို မြှင့်တင်ဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှု တိုးလာစေဖို့ စတာတွေအတွက် ၂၁ ရာစု ပင်လုံညီလာခံဟာ အရေးပါ ပါတယ်။ ပင်လုံအစည်းအဝေးဖြစ်မြောက်မှုကိုလည်း တရုတ်အစိုးရအနေနဲ့ ဂုဏ်ယူပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ မတူညီမှုတွေကို ဆွေးနွေး ညှိုနှိုင်းမှုကတဆင့် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပြီး အဖြေရှာဖို့ တရုတ်အစိုးရက မျှော်လင့်ပါတယ်။ ဒါအပြင် အာမခံချက်ရှိတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် အစောဆုံးရက် သတ်မှတ်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေကို ဖန်တီးဖို့ လည်း မျှော်လင့်ထားပါတယ်။”

ဒါအပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Sun Guoxiang ဆွန်ကောချန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အခုလို အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အားပေးကူညီမှုအခန်းကဏ္ဍဟာ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာကောင်းတခုဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်ရဲ့ နိုင်ငံတကာဖွံဖြိုးရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။

"အခု ပင်လုံငြိမ်းချမ်းရေးညီလာခံကိုကြည့်ရင် အပြုသဘောဆောင်တဲ့ လက္ခဏာ အတော်များများကို ကျမတွေ့ရပါတယ်။ ပထမအချက်ကတော့ လွန်ခဲ့တဲ့ သတင်းနှစ်ပတ်လောက်က ပြည်ထောင်စုအစိုးရကနေ တိုင်းနဲ့ ပြည်နယ်အလိုက် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနိုင်တယ်လို့ ပြောဆိုခဲ့တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး စိတ်ချမှုရှိလာစေပါတယ်။ ဒုတိယအချက်အနေနဲ့ နယ်စပ်တလျောက်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်လေးတွေကနေ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ တတိယအချက်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ညီလာခံတက်ရောက်အောင် တရုတ်အစိုးရက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။"

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပြီးမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို သီးခြားစီတွေ့ဆုံခဲ့ပြီး ညီလာခံမှာ ဒီအဖွဲ့တွေကို ပါဝင်စေချင်တဲ့ ဆန္ဒ သူ့မှာရှိေကြောင်း ပြသနိုင်ခဲ့တဲ့ အချက်ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အားတက်စေတဲ့ လက္ခဏာဖြစ်တယ်လို့လည်း Christina Fink ကပြောပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို ဦးဆောင်ချိန်ကစပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို အလေးပေး ဆက်ဆံခဲ့တဲ့အချက်ကမြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်အစိုးရအနေနဲ့ လိုလိုလားလားပံပိုးကူညီလာစေခဲ့တယ်လို့လည်း Christina Fink က သုံးသပ်ပါတယ်။

"တရုတ်အစိုးရရဲ့ One belt One Road ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းမှာ မြန်မာအပါအဝင် သူ့အိမ်နီးချင်း နိုင်ငံအားလုံးကို ဖြတ်ပြီး အခြေခံ အဆောက်အဦးတွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မြင်ရဖို့ တရုတ်ကဘာကြောင့်လိုလားသလဲဆိုတဲ့ အချက်တွေထဲက အဓိကအချက်လည်းဖြစ်ပါတယ်။ ဒါအပြင် တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူတို့ကို ရင်းရင်းနှီးနှီးနဲ့ အလေးပေးဆက်ဆံတာကို သဘောကျပုံရတယ်လို့ ကျမမြင်ပါတယ်။ ဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်က ပိုပြီးလိုလိုလားလားထောက်ခံအားပေးဖို့ ဖြစ်လာစေတယ်လို့ ကျမထင်ပါတယ်။"

ဒုတိယအကြိမ်ပင်လုံညီလာခံဆိုတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစောပိုင်းကာလမှာပဲရှိနေသေးပြီး ငြိမ်းချမ်းရေးရဖို့ ခရီးရှည်ကြီး လျောက်လှမ်းရအုံးမှာဖြစ်တယ်လို့ Christina Fink ကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG