သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ မြန်မာနိုင်ငံခရီး စတင်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte.
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte.

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ မတ်လ ၁၉ ရက်ကနေ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ တရားဝင် လည်ပတ်ဖို့အတွက် ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ဆောက်တဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံကို အခုလို လာရောက်ခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Alex Chua က ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေးတွေကို ၁၉၅၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူထားတာကြောင့် အစဉ်အလာအရ အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို လိုက်လံ တွေ့ဆုံတဲ့အနေနဲ့လည်း သမ္မတ Duterte က မြန်မာနိုင်ငံကို အခုလို လာရောက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံ ဒေသတွင်းအဖွဲ့ကြီး စတင် တည်ထောင်တဲ့ နှစ် (၅၀) ပြည့် အခမ်းအနားကို ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် အခုနှစ် နှောင်းပိုင်းမှာ လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

သမ္မတ Duterte ဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း စားသောက်ကုန် လုံခြုံစိတ်ချရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်မှာ ဖြစ်သလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးမြင့် ဆောင်ရွက်ရေးအတွက်လည်း မြန်မာ အရာရှိတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း သံအမတ်ကြီး Alex Chua က ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာရင်း ဇယားတွေအရ ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြုပ်နှံကြတဲ့ နိုင်ငံတွေထဲ အဆင့် ၁၆ မှာ ရှိပါတယ်။

သမ္မတ Duterte ဟာ မြန်မာနိုင်ငံမှာ ရောက်နေကြတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံသွားဖို့ စီစဉ်ထားပါတယ်။ သမ္မတ Duterte ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အခုလ ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်ကြာ ဆက်လက် သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG