သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံကို ပင်လုံတိုင်းရင်းသားခေါင်းဆောင်မိသားစုများ ထောက်ခံ


ပင်လုံလက်မှတ်ရေးထိုးခဲ့သောတိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းများနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
ပင်လုံလက်မှတ်ရေးထိုးခဲ့သောတိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းများနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ရဲ့ ဆွေမျိုးသားချင်းတွေက နှစ်၇၀ပြည့်ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ကြေညာချက် တစောင်ကို ပူးပေါင်းထုတ်ပြန်လိုက်ပြီး ဒီအချက်တွေ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကိုမိုးဇော်က တင်ပြထားပါတယ်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ရဲ့ ဆွေမျိုးသားချင်း တွေကိုပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဒီနှစ်မှာ ပထမဆုံးဖိတ်ကြားခဲ့တာဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ရဲ့ ဆွေမျိုးသားချင်းတွေ တွေ့ဆုံတဲ့အချိန်မှာ သူတို့ မိဘဘိုးဘွားတွေရဲ့ဆောင်ရွက်ခဲ့တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါဝင်ပြီး အဓိကအချက်အနေနဲ့ကတော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သူ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းဧရဲ့ မြေးဖြစ်သာ စဝ်သာဦးက အခုလို ပြောပါတယ်။

“ဒီမြန်မာနိုင်ငံမှာ ကျင်းပခဲ့သော ၊ကျင်းပခဲ့သောလို့သုံးမှာ တခုပါပါတယ်။ နောက် ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို လှိုက်လဲှဝမ်းမြောက်စွာ ထောက်ခံပါတယ်ဆိုတာ ထည့်ထားပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက်လုပ်မယ်ဆိုရင် ဘယ်ကိစ္စ မျိုးမဆို ထောက်ခံပါတယ်ကြိုဆိုပါတယ်။ တခုပဲ ရှိတာပေါ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးကြတဲ့နေရာမှာ အားလုံးပါဝင်သင့် ပါဝင်ထိုက်လို့သုံးထားတာ ရှိပေမယ့်၊ တကယ်ရောအားလုံးပါဝင်နေပြီလားဆိုတာကို တဘက်က ပြန်စဉ်းစားစရာတော့ ရှိပါတယ်။ သို့သော်ထုတ်ပြန်ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စ ဘယ်ဟာမဆို ကျနော်တို့ ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်မိသားစုတွေကနေပြီးတော့ ယုံကြည်တဲ့အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။”

ပင်လုံစာချုပ်ပါ အချက်တွေကို ခေတ်နဲ့ အညီ ချဉ်းကပ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဆောင်ကြဉ်းဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

“ကျနော်တို့ နိုင်ငံတဝှမ်းလုံးကို ငြိမ်းချမ်းအောင် ပင်လုံစာချုပ်ပါတဲ့အချက်တွေကို ဒီခေတ်နဲ့ လျော်ညီအောင် ပြန်ပြီးတော့ သုံးသပ်စေချင်ပါတယ်။ ဒီထုတ်ပြန်ချက်မှာလည်းကျနော်တို့ နောက်ဆုံးအချက်အနေနဲ့ ကျနော်တို့ ယုံကြည်တဲ့အနေအထားလေး ပေါ့နော် ၊ တခြားလူတွေဘယ်လိုယုံကြည်လဲတော့မသိဘူး ၊ ဒါကတော့ လွတ်လပ်စွ ာသဘောထားကွဲလွဲနိုင်ပါတယ် ဒါပေမယ့် ကျနော်တို့ကတော့ ဒီလိုယုံကြည်တယ်ဆိုတာ ထုတ်ပြန်တာပါ။”

ထုတ်ပြန်ချက်ရဲ့ ပထမအချက်ကတော့ နှစ်၇၀ပြည့် ပြည်ထောင်စုနေ့ကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အပေါ် ဝမ်းမြောက်ကြောင်း ဖော်ပြထားပြီး အချက် ၄အနေနဲ့ မြန်မာနိုင်ငံကို လက်ရှိ ပထဝီအနေအထားအတိုင်း ဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ်ကို သွေဖည်စေတဲ့ ပြုမူလုပ်ဆောင်ချက်တွေကို ဆန့်ကျင်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်၊ ချင်း၊ ရှမ်းခေါင်းဆောင် ၂၂ဦးက ပါဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းရင်းသားခေါင်းဆောင် ၂၂ဦး အနက် ၂၁ဦးရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင်တဦးရဲ့ မိသားစုဝင်ကတော့ ကြေညာချက် အချက် ၄အပေါ်မှာ သဘောထားမကိုက်ညီတာကြောင့် ထုတ်ပြန်ချက်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ မပါဝင်ခဲ့ပါဘူး။ မိသားစုဝင်တွေရဲ့ ကြေညာချက်ကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ထံကို ပေးပို့သွားမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီလ ၂၈ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို နောက်လ ဒုတိယအပတ် ဒါမှမဟုတ် တတိယပတ်မှာ ကျင်းပဖို့ ရက်ရွှေ့လိုက်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG