သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ကျဉ်း ၃၀၀နီးပါး အကျဉ်းထောင်တွင်းရှိနေ


အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၃၀၀ နီးပါးရှိနေပြီး ပြီးခဲ့တဲ့လ ဖေဖော်ဝါရီလ အတွင်းမှာကို ၉၀ကျော် အဖမ်းခံခဲ့ရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသက တိုင်းရင်းသားတွေဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မတွေနဲ့ အဖမ်းခံနေရတာဖြစ်ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတာ ပယ်ဖျက်သင့်၊ ပြင်ဆင်သင့်တဲ့ စိစစ်သင့်တဲ့ ပုဒ်မတွေ ရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်လို့ အရပ်သားအစိုးရနဲ့ လွှတ်တော်အနေနဲ့ ဒါကို အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတဝှမ်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရထားရသူပေါင်းက (၂၉၂) ဦးအထိ ရှိနေပါတယ်။ အဲ့ဒီအထဲကမှ ထောင်ဒဏ်ကျခံပြီး အကျဉ်းကျခံနေရသူပေါင်းက (၈၆) ဦးရှိပြီး ထောင်ထဲမှာ အထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသူပေါင်းက (၈၅) ဦးအထိ ရှိနေတာဖြစ်ပါတယ်။ (၁၂၁) ဦးကတော့ ထောင်ပြင်ပကနေ တရားရင်ဆိုင်နေရဆဲအခြေအနေဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့နောက်ဆုံးအခြေအနေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြောပြပါတယ်။

“ဒီနိုင်ငံရေးလှှုရှားမှုပေါ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးတာတွေ ၊ တရားဆွဲတာတွေက အခုနောက်ပိုင်းမှာလည်း လျှော့မနေသေးတာကို ကျနော်တို့ တွေ့ရတယ်။ အလုပ်သမားတွေနဲ့ လယ်သမားတွေဟာအများစု ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်တယ်။ ထူးခြားချက်အနေနဲ့ကတော့ တိုင်းရင်းသားတွေက အခုဗန်းမော်ထောင်မှာ ရှိတာပေါ့ ။ ၄၉ ဦးဟာ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရတယ်၊ ပြီးခဲ့တဲ့လက ၉၀ ဦးဟာဆိုရင်လည်း ပြည်သူ့စစ်ကနေပြီးတော့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရတာတွေရှိတယ်။”

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ လူ၉၀ကျော်အဖမ်းခံရပြီး ထူးခြားချက်အနေနဲ့ကတော့ ဒီအဖမ်းခံခဲ့ရတဲ့အထဲက ၉၀ဟာ ဒေသခံတိုင်းရင်းသားတွေဖြစ်ပါတယ်။ သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ဆိုပြီး အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုစစ်ရေးမတည်ငြိမ်ပဲ လုံခြုံရေး စိုးရိမ်ရတဲ့အနေအထား မှာ တရားမဝင်အသင်း အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အခုလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အနေအထားတွေဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။

“အခုစစ်ဖြစ်နေတဲ့ နောက်ဆက်တွဲအနေနဲ့ ကျနော်တို့အခုက အစိုးရဘက်ကလည်း ဖမ်းဆီးထိန်းသိမ်းမှုှတွေရှိသလိုပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်သူ့စစ်တွေကလည်းဖမ်းဆီးထိန်းသိမ်းမှုှများလာတာကို ကျနော်တို့ တွေ့ရတယ်။ ဒါက တော်တော်ကိုဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။”

ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီနည်းလမ်းမကျ ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းအရေးယူမှုတွေ လုပ်နေတာဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေနိုင်တဲ့အတွက်အစိုးရအနေနဲ့ရော လွှတ်တော်အနေနဲ့ပါ အမြန်ဆုံး ပယ်ဖျက်၊ ပြင်ဆင် စိစစ်သင့်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အကြံပြုပါတယ်လို့ဆိုပါတယ်။

“နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လိုပါတယ်။ တချို့ ပုဒ်မတွေကို ပယ်ဖျက်ဖို့ လိုတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ ၊ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ပြန်လည်စိစစ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ လတ်တလော ဖမ်းဆီးထိန်းသိမ်းမှုတွေ တရားစွဲဆိုအရေးယူမှုတွေနဲ့ အများဆုံးရင်ဆိုင်နေရတာကတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မ ၆၆ -ဃ ဖြစ်ပြီး လယ်ယာမြေသိမ်း အရေးနဲ့ ပတ်သက်လို့ လယ်သမားအများစုဟာလည်း တရားစွဲဆိုခံနေရသလို ဖမ်းဆီးထိန်းသိမ်းခံနေရဆဲအနေအထားဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်နေပေမဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ မတရားဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အနေအထားဟာ စိုးရိမ်စရာကောင်းတာကြောင့် အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်ပြီး နိုင်ငံရေးကြောင့် အကျဉ်းကျနေသူ၊ ဖမ်းဆီးထိန်းသိမ်းခံနေရသူအားလုံးကို လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG