သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွား


မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့အကြား မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အခုလို တိုက်ခိုက်လာတာဟာ ကျောက်မဲ သီပေါဂွင်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေကို ရှင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ယူဆကြောင်း RCSS တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်နေတာဟာ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြု အုံမုကျေးရွာအုပ်စု လွယ်မုံစုတပ် စခန်းကို မြန်မာ့တပ်မတော်ကနေ မနေ့က စတင် ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငိန်း က ပြောပါတယ်။

“မနေ့က သီပေါဂွင်ပေါ့နော် အုံမုကျေးရွာ အုပ်စုမှာ ဖြစ်တာဖြစ်ပါတယ်။ တိုက်ပွဲကတော့ နှစ်နာရီကနေ စတာ၊ ညနေ ၆ နာရီလောက်ကျမှ နည်းနည်း ငြိမ်သက်သွားတဲ့သဘော ရှိပါတယ်။ ကျောက်မဲလက်အောက်ခံပေ့ါနော် ခမရ ၅၀၂ ရယ်၊ ခလရ ၂၄၂ ရယ် ပူးပေါင်းတဲ့ စစ်ကြောင်းက ကျနော်တို့ကို ဝင်တိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုအခြေအနေ မရှိဘူးလို့ သိရတယ်။ တပ်မတော်ဘက်ကတော့ နည်းနည်း ထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားတယ်ခင်ဗျ။ တခြား သူတို့ဆီက လက်နက်ခဲယမ်း မီးကျောက်တွေလည်း ကျနော်တို့ဘက်က သိမ်းဆည်းရမိတာလည်း ရှိတယ်ပေါ့။ အဲလိုတော့ ကြားတယ်။ အဲဒီဂွင်က ကျနော်တို့ ဂွင်ဖြစ်ပါတယ်။ အဲဒီဂွင်တကျောမှာ တပ်စခန်းက ၂၀ ကျော်ကျော်လောက် ရှိမယ်ထင်တယ်။ အဲဒီတကျော။”

ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငိန်း က ပြောဆိုခဲ့ပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မြန်မာ့တပ်မတော်ကနေ အခုလို တိုက်ခိုက်လာတာဟာ သီပေါမြို့နယ်က အုံမု ထန်စန့် ပါခါးဒေသမှာ လက်နက်ကိုင်အဖွဲ့တွေကို ရှင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ယူဆကြောင်း ဒုဗိုလ်မှူးကြီး စိုင်းငိန်းက ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ဆိုရင်တော့ အပေါ်ကနေပြီးတော့ အဲဒီ အုံမုဂွင်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး သီပေါ၊ ကျောက်မဲ ဂွင်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အားလုံးတွေကို ရှင်းထုတ်ရမယ်ဆိုပြီး အထက်က ညွှန်ကြားလာသလိုလို၊ အဲ့လို သိုးသိုးသန့်သန့်တော့ ကြားရတာပေါ့ဗျာ။”

လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာမှာ မြန်မာ့တပ်မတော်ဘက်က အင်အားဖြည့်ထားပြီး ထန်စန့် ၊ ပါခါး စတဲ့ နယ်မြေတွေမှာလဲ အနီးကပ် စစ်ရေးတင်းမာနေဆဲ အခြေအနေမှာရှိနေပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားမှုနဲ့ ပက်သက်လို့ မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ နေထိုင်သွားလာရင်း တိုက်ပွဲဖြစ်စရာ မရှိဘူးလို့ မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းမီဒီယာတွေကို ပြောပါတယ်။

“သူတို့တွေအနေနဲ့က သူ့နေရာနဲ့သူ နေတယ်။ လက်နက်ကိုင်ဆောင် သွားလာမှုတွေ မရှိဘူး။ သွားခဲ့လို့ရှိရင်လည်း ကျနော်တို့ဆီမှာ သတင်းပို့တယ်။ သွားခွင့်ရှိတဲ့နေရာကို သွားတယ် စသည်ဖြင့်ပေါ့။ ခွင့်ပြုတဲ့နေရာကို သွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဘာမှလည်း ပြောစရာ နေရာ မရှိဘူး။ ဒါ ကျနော်တို့နဲ့ သူတို့ တိုက်ပွဲဖြစ်စရာအကြောင်းလည်း မရှိဘူး။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့အနေနဲ့ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အပစ်ရပ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး နယ်မြေဒေသ သတ်မှတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးထားတာ မရှိသေးဘူးလို့ RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငိန်းက ပြောပါတယ်။

“သတ်မှတ်နယ်မြေဆိုပြီး ဘာမှ တိတိကျကျ သတ်မှတ်ထားတာကို မရှိသေးဘူး။ ကိုယ့်နားလည်မှုနဲ့ကိုယ် နေသွားတဲ့သဘောပဲ။ ခင်ဗျားတို့ ဒီနေရာမှာ နေပါ။ ဒီဂွင်မှာနေပါ။ ဒီဘက်မှာ နေပါဆို တရားဝင် သတ်မှတ်ထားတာ မရှိသေးဘူးဗျ။ အဲ့ကိစ္စကျတော့။ ဥပမာ အပစ်ရပ်နယ်မြေဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုမှု မရှိသေးဘူးဗျ။”

မြန်မာ့တပ်မတော်အနေနဲ့ အပစ်ရပ် NCA အဖွဲ့အပေါ် တိုက်ခိုက်လာတာ လက်ရှိ တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်နေတာဟာ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငိန်း က ပြောပါတယ်။

“ကျနော်တို့ လက်မှတ်ထိုးပြီးသား အဖွဲ့ကိုတောင် ဒီလို တိုက်တယ်ဆိုတာ မထိုးရသေးတဲ့ အဖွဲ့တွေဘက်ကလည်း သူတို့က စဉ်းစားစရာတွေ အများကြီး ရှိမှာပေါ့။ ကိုးကန့်ဘက်မှာလည်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်။ ဒီကြားထဲမှာလည်း ကျနော်တို့ကို ဝင်တိုက်တယ်ဆိုတော့ ကျနော်တို့ဘက်ကတော့ စဉ်းစားစရာတွေ အများကြီးရှိတာပေါ့။ ကျနော်တို့ဘက်က မြင်တာကလည်း ဒီလိုလုပ်တာက NCA ကို ထိခိုက်စေတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဟန့်အတား အနှောင့်အယှက် ဖြစ်စေတာပေ့ါနော်။”

RCSS/SSA ဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှာ ပါဝင်နေပြီး မြန်မာ့တပ်မတော်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့နေရာမှာ မကြာခန ဆိုသလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပနိုင်ဖို့ စိုင်းပြင်းနေဆဲ တချိန်ထဲမှာပဲ ရှမ်းပြည်နယ် ကချင်ပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ဖို့အတွက် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးရမှာဖြစ်ပြီး လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေဆဲ အဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ တအာင်းပလောင်တပ်ဖွဲ့ ရခိုင်တပ်မတော်အဖွဲ့တို့အနေနဲ့ လက်မှတ်ရေးထိုးရေးမှာ ကန့်သတ်ခြင်း ခံနေရပါတယ်။

ဒီ (၃) ဖွဲ့အနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း သဘောထားထုတ်ပြန်မယ်ဆိုရင် NCA လက်မှတ်ထိုးစရာမလိုဘဲ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိမယ်လို့လည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG