သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲနောက်ဆုံးရက် ယူကရိန်း ဒရုန်းတိုက်ခိုက် 


ယူကရိန်းရဲ့SBU ဒရုန်းတိုက်ခိုက်မှုတွေအတွင်း ရုရှားရေနံချက်စက်ရုံကို ထိမှန်မီးလောင်နေစဥ်။ (မတ် ၁၃၊ ၂၀၂၄)
ယူကရိန်းရဲ့SBU ဒရုန်းတိုက်ခိုက်မှုတွေအတွင်း ရုရှားရေနံချက်စက်ရုံကို ထိမှန်မီးလောင်နေစဥ်။ (မတ် ၁၃၊ ၂၀၂၄)

ယူကရိန်းဘက်က ဒရုန်းယာဥ် ၃၅ စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရုရှားရေနံချက်စက်ရုံ ခေတ္တ မီးလောင်ခဲ့ရပြီး နယ်စပ်ဒေသလျှပ်စစ်ဓာတ်အားပေးဝေမှု ထိခိုက်ခဲ့ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရုရှားမှာကျင်းပနေတဲ့ရွေးကောက်ပွဲကို ယူကရိန်းဘက်က နှောင့်ယှက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာချိန်မှာပဲ ဒီတိုက်ခိုက်မှုဖြစ်ပွါးခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်က ယူကရိန်းကို ရုရှားတို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဒါဟာ ယူကရိန်းဘက်က ရုရှားပိုင်နက်အတွင်း အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဌာနက Telegram လူမှုစာမျက်နှာမှာ တနင်္ဂနွေနေ့ဖော်ပြချက်အရ ယူကရိန်းဒရုန်းယာဥ်တွေကို ရုရှားနိုင်ငံ တောင်ပိုင်းဒေသ Krasnodar မှာ ၁၇ စင်း၊ မော်စကိုဒေသထဲမှာ ၄ စင်းနဲ့ ကျန် ဒရုန်းယာဥ်အားလုံးကိုတော့ အခြားဒေသ ၆ ခုမှာ ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒရုန်းယာဥ်တွေ စက်ရပ်သွားအောင်လုပ်နိုင်ခဲ့ပေမယ့် ယာဥ်ထဲက စက်ပစ္စည်းတခု ပြုတ်ကျရာက မီးလောင်ခဲ့ရတာလို့ Krasnodar ဒေသ စစ်ဆင်ရေးဌာနချုပ်ရဲ့ Telegram စာမျက်နှာမှာဖော်ပြပါတယ်။

နာရီပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိဘူးလို့ပြောထားပေမယ့် ကနဦးအစီရင်ခံစာမှာတော့ နှလုံးရောဂါကြောင့်လူတဦးသေဆုံးခဲ့တယ်လို့လည်း Telegram လူမှုစာမျက်နှာမှာရေးထားပါတယ်။ VOA ကတော့ ဒါကို သီးခြေားအတည်ပြုလို့မရပါဘူး။

ရုရှားယူကရန်း စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက SBU ပြည်တွင်းလုံခြုံရေးဌာနက လွှတ်တင်ခဲ့တဲ့ ယူကရိန်းတိုက်ခိုက်ရေးဒရုန်းယာဥ်တွေ ရုရှားရေနံချက်စက်ရုံ ၁၂ ရုံကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်ကို ကိုးကားပြီဂ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG