သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံတွေကို ရုရှား နှင်ထုတ်မှာမဟုတ်


ရုရှားနိုင်ငံ မော်စကိုက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၆)
ရုရှားနိုင်ငံ မော်စကိုက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၆)

ပြီးခဲ့တဲ့နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားထောက်လှမ်းရေး အေဂျင်စီတွေက အနှောက်အယှက်ပေးတာကို တုံ့ပြန်အရေးယူတဲ့ အနေနဲ့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်တာကို ရုရှားအစိုးရအနေနဲ့ အမေရိကန်သံတမန်တွေကို နှင်ထုတ်သွားမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ အမေရိကန်သံတမန်တွေအတွက် ပြဿနာတွေ ဖန်တီးသွားမှာ မဟုတ်ပါဘူး။ ဘယ်သူကိုမှ နှင်ထုတ်သွားမှာမဟုတ်ဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ သမ္မတ ပူတင်ကပြောထားပါတယ်။”

အစောပိုင်းတုန်းကတော့ ၊ အမေရိကန်သံတမန် ၃၅ ယောက်ကို တိုင်းပြည်ထဲကနေ နှင်ထုတ်ဖို့နဲ့ မော်စကိုမြို့ အနောက်ပိုင်းမှာရှိတဲ့ သံရုံးရဲ့ အားလပ်ရပ် အပန်းဖြေ အိမ်တွေနဲ့ မော်စကို မြောက်ပိုင်းမှာရှိတဲ့ ကုန်ပစ္စည်းသိုလောင်ရုံတွေကိုလည်း အမေရိကန်သံအရာရှိတွေ အသုံးပြုခွင့် ပိတ်ပင်ဖို့ သမ္မတ Vladimir Putin ကို သူ အကြံပြုခဲ့တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ပြောဆိုတာကို ကိုးကားပြီး ရုရှား Interfax သတင်း အေဂျင်စီမှာ ဖော်ပြထားတာပါ။

အမေရိကန်ရွေးကောက်ပွဲကို အနှောက်အယှက် ပေးခဲ့တဲ့အတွက် သမ္မတ အိုဘားမားက ရုရှား ထောက်လှမ်းရေးအဖွဲ့ နှစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်သလို၊ ရုရှားသံတမန် ၃၅ ဦးကို အမေရိကန်နိုင်ငံက ထွက်ခွာဖို့အပြင် အမေရိကန်ပြည်ထောင်စုထဲမှာ ရှိနေတဲ့ ရုရှားပိုင် အဆောက်အဦးနှစ်ခုကိုလည်း ပိတ်ပစ်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ရုရှားက ချက်ချင်း တုံ့ပြန် ဝေဖန်ခဲ့သလို၊ လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာပါ။

သမ္မတအိုဘားမားကတော့ နိုင်ငံတကာမှာ အခိုင်အမာ လက်ခံထားတဲ့ စောင့်ထိန်း ရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူတာဟာ သင့်တော်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG