သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်း တရုတ်မှာ ဘာဆွေးနွေးနိုင်သလဲ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ခရီးမစခင်မှာပဲ သူရဦးရွှေမန်း တရုတ်နိုင်ငံကိုရောက်နေတာဟာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စီမံကိန်းတွေကို ဥပဒေနဲ့အညီ လေ့လာဆန်းစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဦးရွှေမန်းဟာ သူ့တရုတ်ခရီးစဉ်အတွင်း "ခေတ်သစ်ပိုးလမ်းမကြီးနဲ့ ခါးပတ်လမ်းစီမံကိန်း"နဲ့ပတ်သက်ပြီး တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့အရေးလည်း တရုတ်အမျိုးသားပြည်သူ့ လွှတ်တော်အမြဲတမ်းကော်မတီဥက္ကဋ္ဌနဲ့လည်း ဘေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီသီတင်းပတ်အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မယ့် One Belt and One Road Forum နိုင်ငံတကာညီလာခံ တက်ရောက်မယ့် တရုတ်ပြည်ခရီးမစခင်မှာပဲ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ကိုမသွားခင်မှာ လွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သွားရောက်တာဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စီမံကိန်းတွေကို ဥပဒေနဲ့အညီ လေ့လာဆန်းစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ အမေရိကန်အခြေစိုက် တရုတ်-မြန်မာအရေးလေ့လာနေသူ ဒေါက်တာတင့်ဆွေကတော့- အခုလိုရှု့မြင်ပါတယ်။

“ဦးရွှေမန်းကတော့ လက်ရှိတာဝန်အရကတော့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေလိုအပ်တာတွေပြင်ဆင်ရေးကိစ္စမှာ မြန်မာနိုင်ငံနဲ့ တရုတ်ပြည်ထောင်စုသမ္မတနိုင်ငံတော် အနေနဲ့ စာရွက်စာတန်းတွေအများကြီး ဆောင်ရွက်ထားတော့ ဒါတွေကို ပြင်စရာပြုစရာ ဆန်းစစ်စရာ တနည်းအားဖြင့် အမှန်အတိုင်းအရှိအတိုင်းလုပ်ဖို့သွားတာလည်းဖြစ်နိုင်တယ်။ နောက်ဒုတိယတချက် ကျနော်မြင်တာကတော့ ဦးရွှေမန်းကို အရင်စစ်အစိုးရလက်ထက်တုန်းကတော့ ဒုတိယ၊ တတိယ ခေါင်းဆောင်အနေနဲ့ တရုတ်ပြည်နဲ့ မြောက်ကိုရီးယားကို သွားလည်တဲ့ခေါင်းဆောင်တဦးဖြစ်တယ်။ ဆိုတော့ သူ့အခန်းကဏ္ဍကလည်း အဲဒီတုန်းက အရေးပါခဲ့တယ်။ ဆိုတော့တရုတ်နိုင်ငံကလည်း ဦးရွှေမန်းကို လာစေချင်မယ်လို့ ယူဆတယ် ဒါကြောင့် ဦးရွှေမန်းရဲ့ခရီးစဉ်ကတော့ ကျနော့်မှန်းဆချက်ကတော့ အရင်တုန်းက ဆက်ဆံရေးအရာတွေရော၊ အခုဒီအစိုးရလက်ထက်မှာ ဒီလွှတ်တော်လက်ထက်မှာ ပြုပြင်စရာတွေအတွက်ပါ ဒီ ၂ ချက်ကြောင့်သွားသလားလို့ ကျနော်မှန်းဆပါတယ်။”

တရုတ်-မြန်မာနှစ်နိုင်ငံကြား ဒေသခံပြည်သူတွေနဲ့ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းကြေးနီစီမံကိန်း၊ အခုဆက်လုပ်ဖို့စီစဉ်နေတဲ့ ကျောက်ဖြူရေနက်ကွင်းစီမံကိန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေ ရှိခဲ့နိုင်တယ်လို့ဆိုပေမဲ့ အများပြည်သူ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ချပြတာမျိုးတော့မရှိခဲ့ပါဘူး။ဒီအပေါ်မှာ ဒေါက်တာတင့်ဆွေရဲ့အမြင်ကတော့

“အစိုးရအပြောင်းအလဲမှာ အရင်စစ်အစိုးရလက်ထက်နဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ထားတဲ့ တနည်းအားဖြင့်ဆက်ထားတဲ့အရာတွေမှာ ပြည်သူလူထုက သဘောမကျတဲ့အရာတွေကို NLD အစိုးရက ပြုပြင်ဖို့ ကြိုးစားနေတယ်။ ကြိုးစားတဲ့အခါမှာ ၂ နိုင်ငံ သဘောတူချက်တွေနဲ့ လုပ်ထားတာကို ပြန်ပြင်ရတာက တော်တော်ကို ခဲယဉ်းပါတော့ ၂ နိုင်ငံ ခေါင်းဆောင်တွေ ၊ တာဝန်ရှိသူတွေက အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြတဲ့သဘောနဲ့ အခုလို ၂ နိုင်ငံ ခေါင်းဆောင်တွေ မကြာမကြာတွေ့တဲ့သဘောလို့ ကျနေ်ာမြင်ပါတယ်။ ဒါကြောင့်အရေးပါတယ်။ တနည်းအားဖြင့် ၂ နိုင်ငံ ဆက်ဆံရေးအတွက် ဒီထက်ပိုကောင်းအောင် တနည်းအားဖြင့်အဆင်ချောအောင် ကြိုးစားမှုလို့ပဲ ကျနော်မြင်ပါတယ်။”

မြန်မာအစိုးရသစ်လက်ထက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြင့်လာသလို တရုတ်သမ္မတ၊ မြန်မာသမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ကြား နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ပိုပြီးခိုင်မာအောင်ဆောင်ရွက်လာနိုင်ခြေတွေနဲ့ပတ်သက်လို့လည်း- ဒေါက်တာတင့်ဆွေက အခုလိုမြင်ပါတယ်။

“ဒီလက်ရှိတရုတ်ခေါင်းဆောင်နဲ့ လက်ရှိသမ္မတရယ် ဒေသတွင်း မဟာဗျူဟာကျတဲ့ စီမံချက်ကြီးကတော့ ပိုးလမ်းမကြီးဖြစ်တယ် သူက တော်တော်လည်းကြီးကျယ်တယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအစိုးရ တက်လာတဲ့အခါမှာ ဒါကို သူက ထောက်ခံထားတယ်။ ဒီထောက်ခံရုံနဲ့ မပြီးသေးပဲနဲ့ လက်တွေ့လုပ်တဲ့အခါမှာ ပိုးလမ်းမကြီး နဲ့ခါးပတ်လမ်းအတွက် မြန်မာနိုင်ငံက တော်တော်လေးအရေးပါတဲ့နေရာကိုရောက်နေတယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှ အခုလို ၂ နိုင်ငံ တာဝန်အရှိဆုံးခေါင်းဆောင်တွေက ဆွေးနွေးကြရလိမ့်မယ်။ ဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဘက် ကနေကြည့်ပြီးဆွေးနွေးမယ်။ တရုတ်ဘက်ကလည်း သူလိုချင်တာတွေဆွေးနွေးမှာဖြစ်တဲ့အတွက် ဒီအကြောင်းအရာလည်း အတော်ကိုအရေးပါတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

One Belt, One Road လို့ ခေါ်တဲ့ "ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း" တိုးတက်အောင်မြင်ရေးမှာ တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ အရှိန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မကြာခင်ကျင်းပမယ့် One Belt One Road ထိပ်သီးညီလာခံ တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို လာရောက်ဖို့ရှိနေပြီး၊ ဒီခရီးစဉ်မတိုင်ခင် သူရဦးရွှေမန်း တရုတ်နိုင်ငံကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူရဦးရွှေမန်းနဲ့ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်ဒေးကျင်းနဲ့ ပြီးခဲ့တဲ့ဧပြီလ (၂၆) ရက်နေ့ ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG