သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခါးပတ်လမ်းစီမံကိန်း မြန်မာပါဝင်ရေးသမ္မတ ဦးထင်ကျော် ဆွေးနွေး


သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ခရိုင် မြို့တော် Xi'an ကို သွားရောက်စဉ်။
သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ခရိုင် မြို့တော် Xi'an ကို သွားရောက်စဉ်။

နိုင်ငံအတော်များများ ပါဝင်လာပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမနဲ့ ခါးပတ်လမ်းမ စီမံကိန်းတွေမှာ မြန်မာနိုင်ငံက ဘယ်လို ပါဝင်လုပ်ဆောင် ပေးနိုင်မယ် ဆိုတာကို လေ့လာနေတယ်လို့ တရုတ်နိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရ သတင်းတွေမှာ ဖေါ်ပြပါတယ်။

သောကြာနေ့မှာ သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ခရိုင် မြို့တော် Xi'an ကို သွားရောက်ခဲ့တာ ဖြစ်ပြီး ရှေးခေတ် ပိုးလမ်းမကြီး စတင်ရာ Xi'an မှာ အခုလို ပြောကြားခဲ့တာပါ။ အဲဒီမြို့ဟာ ကမ္ဘာကျော် Terracotta မြေသား စစ်သည် ရုပ်တုတွေ ရှိရာ နေရာလည်း ဖြစ်ပါတယ်။ သမ္မတနဲ့ အဖွဲ့ဟာ ရှီအန်းမြို့ရှိ ချင်အင် ပါယာရဲ့ TerracottaArmy စစ်သည်တော်ရုပ်တုနှင့် မြင်းရုပ်တုပြတိုက် မှာ ရှေးဟောင်းရုပ်တုများ၏ အနုပညာလက်ရာများနှင့် ချင်အင်ပါယာ၏ စစ်သည်တော် သမိုင်းကို လေ့လာခဲ့ကြတာပါ။

Shaanxi ခရိုင်ဟာ ခါးပတ်လမ်းမကြီးနဲ့ ပိုးလမ်းမကြီး အတွက် ပင်မနေရာဖြစ်ပါတယ်။ အာရှကို ဥရောပနဲ့ အာဖရိက ဒေသတွေနဲ့ ဆက်သွယ်ထားတဲ့ ကုန်သွယ်လမ်းဖြစ်တဲ့ ရှေးခေတ် ပိုးလမ်းမကြီး တလျှောက်မှာရော အဲဒီလမ်းမကြီးတင်မကပဲ ဒေသတွင်း ကုန်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီလမ်းတွေကို ဖေါက်ဖို့ တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ တရုတ် ၂ နိုင်ငံကုန်သွယ်ရေးနဲ့ သက်မွေးဝမ်းကျောင်းပညာလို ကိစ္စရပ်တွေကို ဒီဒေသမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတဦးထင်ကျော်က ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ဟာ တရုတ်သမ္မတ Xi Jinping အပြင် ဝန်ကြီးချုပ် Li Keqiang နဲ့ တရုတ်ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဌ Zang Dejiang တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွါးရေးဆိုင်ရာ နှစ်ဖက် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး ကြမယ်လို့ မျှော်လင့်ရတဲ့အပြင် ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG