သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော်ရဲ့တရုတ်ခရီး နှင့် ရခိုင်ဖွံ့ဖြိုးရေး


သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်(Ministry of Foreign Affairs Myanmar)
သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်(Ministry of Foreign Affairs Myanmar)

သမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌလည်း အတူ လိုက်ပါသွားတာကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေး အပေါ်မှာ မျှော်လင့်ချက်တွေ ရှိလာနေပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေး အတွက် အဓိက ကျတာက တရုတ်ပြည် ကူးမင်းမြို့ကနေ ကျောက်ဖြူအထိ ရထားလမ်း ဖောက်လုပ်ဖို့ ဖြစ်ပြီး ကုန်တွင်း လမ်းကြောင်းတခု ပေါ်လာရင်တော့ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် အာမခံချက် ဖြစ်တယ်လို့လည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးတွေနဲ့ အတူ ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဥက္ကဌ ဒေါက်တာ စိုးဝင်းလည်း အတူ လိုက်ပါသွားတာပါ။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်က အစပြုခဲ့တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံက တရုတ်နိုင်ငံ အတွက် အရေးပါသလို ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက်လည်း အရေးပါတယ်လို့ ရခိုင်အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“တရုတ်ရဲ့ စွမ်းအင်လုံခြုံဖို့အတွက် အင်မတန်အရေးကြီးတဲ့ မဒေးကျွန်းကြီးတခုလုံးကို သူတို့ဘက်က တည်ဆောက်ထားပြီးပြီလေ။ အဲဒီတော့ ကျောက်ဖြူစီးပွားရေးဇုံရဲ့အသက်ဟာ တရုတ်ပြည်ကူမင်းနဲ့ ကျောက်ဖြူ ကို အမြန်ရထားလမ်းဆက်သွယ်ဖို့ပဲ အဲဒါကြောင့် ကျနော်တို့က ကျောက်ဖြူစီးပွားရေးဇုံကိုတည်ဆောက်ရင် မည်သည့်နိုင်ငံမဆို ကုန်းတွင်းဆက်သွယ်ကုန်သွယ်ဖို့ လမ်းမကြီးတခု ရှိမှပဲ ရခိုင်ဒေသအတွက်အကျိုးရှိမယ်။”

ကျောက်ဖြူ အထူးစီးပွားရေးဇုံ အကောင်အထည် ဖော်ရေး အတွက် တရုတ်နိုင်ငံပိုင် CITIC Group Corporation ဦးဆောင်တဲ့ လုပ်ငန်းစုက တင်ဒါ အောင်ထားပြီး အခုအချိန်ထိတော့ အကောင်အထည် မဖော်ရသေးပါဘူး။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။

“ကျနော်တို့ဆီမှာ တရုတ်ကုမ္ပဏီက အရင်လုပ်လက်စ အလုပ်တွေရှိပါတယ်။ ကျနေ်ာတို့ဒေသက ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျနော်တို့မျှော်လင့်ပါတယ်။ ဘယ်နိုင်ငံက ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ကျနေ်ာတို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလာပြီးတော့ လုပ်စေချင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု တရားမမျှတမှုစတာတွေကိုတော့ လာရောက် ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် ကုမ္ပဏီတွေနဲ့ ကျနေ်ာတို့ ညှိနှိုင်းပြီးမှ လုပ်မှာပေါ့။ ဘယ် ကုမ္ပဏီတွေပဲလာလာ ကျနော်တို့ ကြိုဆိုနေရမှာပါ။”

ကျောက်ဖြူ အထူးစီးပွားရေးဇုံ အတွက် မြေဧက ၄ ထောင်ကျော် အသုံးပြုခွင့်ကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် လွှတ်တော်ကနေ အတည်ပြုပေးထားတာပါ။ အခုအချိန်ထိတော့ မြေသိမ်းယာသိမ်းတွေ မရှိသေးပေမယ့် ကျေးရွာတချို့ကို တရုတ် လုပ်ငန်းကြီးကနေ ငွေထုတ်ပေးထားတာတွေတော့ ရှိနေတယ်လို့ ကျောက်ဖြူ ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောပါတယ်။

“မြေတွေသိမ်းတာလည်း မရှိသေးပါဘူးခင်ဗျ၊ ကျေးရွာတချို့ကို သူတို့ ပိုက်ဆံထုတ်ပေးတယ် ဆိုတာတွေတော့ရှိပါတယ်။ ကျန်တာတွေတော့ ကျနေ်ာတို့ ဘာမှ မသိရသေးဘူးခင်ဗျ။ ဒီစီးပွားရေးဇုံနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်မလဲဆိုတာတော့ လွှတ်တော်ကတဆင့် အစိုးရအဖွဲ့ကို ဒီစီးပွားရေးဇုံဆိုင်ရာ မေးခွန်းတွေ တင်ထားတာရှိပါတယ်။ အကြောင်းအရာတွေကတော့ ကျနေ်ာတို့အခုပြောလို့မရဘူးပေါ့လေ။ဒီစီးပွားရေးဇုံနဲ့ ပတ်သက်ပြီးတော့ အဲဒါလည်း ကျနေ်ာတို့ကို ဘာမှ ဆက်သွယ်ပြီးတော့ လာပြောတာ၊ ဖြေတာတွေလည်း မရှိသေးဘူး လုပ်နေတာတွေလည်း ကျနော်တို့ ဘာမှ မတွေ့ရသေးပါဘူးခင်ဗျ”

ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ မြန်မာနိုင်ငံ အလယ်ပိုင်းကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူးမင်းမြို့ကို ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ တိုက်ရိုက် တင်ပို့နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းကနေတော့ ဒေသခံတွေ မြေယာ လျော်ကြေး တချို့ ရပေမယ့် အလုပ်အကိုင်၊ နောက် အတတ်ပညာပိုင်း အကျိုးအမြတ် ဘယ်လောက် ရနေလဲ ဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့ ရခိုင် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုပြီး အခု ကျောက်ဖြူ အထူးစီးပွားရေးဇုံ ကိစ္စမှာတော့ အစိုးရဘက်က ဘယ်လို ဆောင်ရွက်မလဲ ဆိုတာသိရဖို့ လွှွတ်တော်မှာ မေးခွန်းတွေ တင်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG