သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-စင်္ကာပူ ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ရမည်


စင်္ကာပူဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဦးထင်ကျော်တွေ့ဆုံစဉ်
စင်္ကာပူဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဦးထင်ကျော်တွေ့ဆုံစဉ်

မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားစရာမလိုပဲ စင်္ကာပူနိုင်ငံကို ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမယ့် အစီအစဉ်ကို စင်္ကာပူဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ၂ နိုင်ငံကြား ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ရရှိမယ့် အစီအစဉ်ကိုတော့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong ရဲ့ အခုခရီးစဉ်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဗွီအိုအေကို ပြောပါတယ်။

“စင်္ကာပူဝန်ကြီးချုပ်ကလာတာက ကျမတို့ မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံ ၂ နိုင်ငံကြားမှာ သံတမန် ထူထောင်တာ နှစ် ၅၀ ပြည့်တယ်လေ အဲဒီအတွက် လာတာပေါ့လေ။ လာလက်စ ကျမတို့လူကြီးတွေအားလုံးနဲ့တွေ့သွားတာ ။ ပြီးတော့ နောက်တခုက နှစ်နိုင်ငံကြားမှာ ဗီဇာ သာမန်နိုင်ငံကူးလက်မှတ်ကိုင်တဲ့လူတွေအတွက် ဗီဇာကင်းလွတ်ခွင့် ရဖို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးကြမယ်လေ။”

သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀)နေထိုင်ခွင့် ပြုမယ့် အစီအစဉ်ကိုတော့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စင်္ကာပူဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ခရီးစဉ် ပထမနေ့မှာတော့ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ စင်ကာပူ နိုင်ငံတို့ဟာ ဒေသတွင်းမှာ အပြန်အလှန် စီးပွားကုန်သွယ်မှုတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့ နိုင်ငံတွေ ဖြစ်သလို၊ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တတိယမြောက် ကုန်သွယ်မှုပမာဏ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူဝန်ကြီးချုပ်ရဲ့ အခုခရီးစဉ်ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲ အများစုနဲ့ အနိုင်ရခဲ့ပြီး အရပ်သားအစိုးရ တက်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ နိုင်ငံတော် အကြီးအကဲတဦးရဲ့ခရီးစဉ်ပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


မြန်မာ-စင်္ကာပူ ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ရမည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG