သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်းမြို့နယ် သစ်တောကြိုးဝိုင်းရှိ ကျူးကျော်အိမ်ခြေ (၃၆၀) ကျော်ကို ဖယ်ရှား


ဆီးယင်းသစ်တောကြိုးဝိုင်း ပုဂ္ဂလိက ကျွန်းစိုက်ခင်းတစ်ခု /၂၇-၈-၂၀၁၅ (ဓါတ်ပုံ-Maung Maung Lwin)
ဆီးယင်းသစ်တောကြိုးဝိုင်း ပုဂ္ဂလိက ကျွန်းစိုက်ခင်းတစ်ခု /၂၇-၈-၂၀၁၅ (ဓါတ်ပုံ-Maung Maung Lwin)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာကျူးကျော်နေထိုင်တဲ့ အိမ်ခြေ(၃၆၀)ကျော်ကို ချင်းပြည်နယ် အစိုးရကနေ ပြောင်းရွှေ့ဖယ်ရှား ခိုင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီကျူးကျော်နေထိုင်သူတွေဟာ ရေဘေးဒုက္ခသည် အစစ်အမှန် မဟုတ်သလို ဒုက္ခသည်တွေအတွက် နေရာချထားပေးပြီးသားလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကဆိုပါတယ်။ ဒီလိုကျူးကျော် နေထိုင်သူတွေဖယ်ရှားခဲ့တာနဲ့ပက်သက်လို့ ဒေသခံတွေအကြားမှာ ဂယက် ရိုက်ခတ်မှုတွေရှိနေခဲ့တယ်လို့ ချင်းနိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကသုံးသပ်ထားပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအကွက်(၁၄၄)အတွင်း ဘွာလ်ပီးကွင်းနေရာမှာ ကျူးကျော် ဆောက်ထားတဲ့ အိမ်ခြေစုစုပေါင်း ၃၆၀ ကျော်ကို ပြည်နယ်အစိုးရကနေ ဖယ်ရှားခိုင်းတဲ့အတွက် ဒီနေ့အထိအိမ်ခြေ ထက်ဝက်ကျော် ပြောင်းရွှေ့ခဲ့ရတယ်လို့ ကျူးကျော်ရပ်ကွက်နေသူတဦးဖြစ်သူ ဦးကျုံးနုန်းကအခုလိုပြောပါတယ်။

“၃၀၀ ထဲမှာ တဝက်လောက်တော့ပြောင်းပြီ။ ပြောင်းတဲ့လူကို အခုလောလောဆယ် ပြောင်းတဲ့လူတွေက ကျောက်ခွဲစက်ရုံမှာ နေ့စားလုပ် အဲဒါမျိုးတွေ လက်ကံ၊ မြှောက်လှ အဲဒီဘက်မှာ သူ့နည်းကိုယ့်နည်းနဲ့ ၁ နပ်စားဖို့ ရှာကြတာပါ နေ့စား၊ ညစားပေါ့။”

ကျူးကျော်နေထိုင်သူတွေကို ချင်းပြည်နယ်သစ်တောဝန်ကြီးအပါအဝင် ဖလမ်းခရိုင်အုပ်ချူပ်ရေးမှူးအဖွဲ့တို့ကနေ သြဂုတ် လ ၈ ရက်နေ့မှာသွားရောက်ပြီး တပါတ်အတွင်းအမြန်ဆုံးဖယ်ရှားကြဖို့နဲ့ ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမယ်လို့ညွှန်ကြားခဲ့တာပါ။

ကျူးကျော်နေထိုင်သူတွေနေထိုင်တဲ့နေရာဟာ ပြီးခဲ့သည့်နှစ်က သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဖလမ်းမြို့နယ်အတွင်း နီမ်ဇောလ်၊ ဇောလ်ပီး၊ ကောလ်ဖန်း၊ ကိမ်းညောင်း ကျေးရွာက ဒေသခံတွေကို ပြန်လည်နေရာချထားပေးဖို့ကျေးရွာလူကြီး တွေကနေယခင်အစိုးရ လက်ထက်တုန်းက တင်ပြခဲ့တဲ့မြေနေရာဖြစ်တယ်လို့လဲ ဦးကျုံးနုန်းကဆိုပါတယ်။

ဒါပေမဲ့ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေဟာ ဒုက္ခသည်အစစ်မှန်မဟုတ်ဘူးလို့ ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကအခုလိုပြောပါတယ်။

“အမှန်ကလေ သူတို့က ဖလမ်းမြို့နယ် ရေဘေးသမားဆိုပြီးတော့ အယောင်ဆောင်ပြီးတော့ စီးပွားရေးသမား ပြင်ပက ဟာတွေပေါ့နော် ဖလမ်းမြို့နယ် ရေဘေးသင့်တဲ့လူတွေမဟုတ်ဘူး။ ဇောလ်ပီးမှာရှိတဲ့ အိမ်ခြေ ၃၀၀ ကျော်က ကျနော်တို့စာရင်းထဲမှာ အစိုးရအဆက်ဆက်ပေါ့နော် အရင်အစိုးရလက်ထက်ကတည်းက ဒုက္ခသည်ဆိုတာကို စာရင်းဝင်ထားတဲ့လူတွေမဟုတ်ဘူး။ ဒီနေရာကို လိုချင်လို့ ကျူးကျော်တဲ့သဘောမျိုး။ နောက်တခုက ဒီမြေကွက်ကို ပိုင်သလိုလိုနဲ့ ရောင်းစားတဲ့လူဆီကို ပိုက်ဆံသွင်းပြီးတော့ ဝယ်ထားတဲ့သဘောလည်းပါတယ်။ ဆိုတော့ နောက်တခုက အဲဒီနေရာက အဓိကပြဿနာက ဘာလဲဆိုတော့ သစ်တောကြိုးဝိုင်းဖြစ်နေတယ်။ အမှတ် (၁၄၄)ဆီးယင်းသစ်တောကြိုးဝိုင်း ပေါ့နော် သစ်တော့ဥပဒေအရကော နောက်တခုက သစ်တောကြိုးဝိုင်းမပယ်ဖျက်ရသေးတဲ့နေရာဖြစ်တဲ့အပြင် ရွာတည်ဖို့ ပြည်ထောင်စုပြည်ထဲရေးက ခွင့်ပြုထားတဲ့နေရာမဟုတ်လို့ ကျူးကျော်လို့ပြောတာ။”

ဆီးယင်းသစ်တောကြိုးဝိုင်း(၁၄၄)မှာ မြေကွက်ရိုက်ရောင်းချဦးဆောင်သူ ၄ ဦး နှင့် စက်ဆရာ ၂ ဦး စုစုပေါင်း လူ ၆ ဦးကို အစိုးရအာဏာပိုင်တွေကနေဖမ်းဆီးအရေးယူထားတယ်လို့လဲသူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကရေကြီးမြေပြိုမှုကြောင့် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတော့ သစ်တောကြိုးဝိုင်းအမှတ်(၁၄၅) မှာ နေရာချထားပေးပြီးသားလို့ သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကအခုလိုဆက်ပြောပါတယ်။

“သစ်တောကြိုးဝိုင်း (၁၄၅) ကျနော်တို့ အဲဒီနေရာက သစ်တောက ပယ်ဖျက်ပြီးသားနေရာဖြစ်တယ်။ အဲဒါက သစ်တောနဲ့ ကင်းလွတ်တယ်။ အဲဒါက တကယ့် ဒုက္ခသည်တွေ ကို ကျနော်တို့ သေချာစာရင်းကောက်ပြီးတော့ ကူညီထားတယ်ပေါ့နော်။”

အိမ်ခြေ(၃၆၀)ရှိတယ်လို့ဆိုပေမဲ့အမှန်တကယ်နေထိုင်သူ လူဦးရေ ၁၈၀ ခန့်သာရှိနေပြီး နေအိမ်အများစုမှာ လူနေ ထိုင်ခြင်းမရှိခဲ့ပါဘူး။

ပြည်နယ်အစိုးရအနေနဲ့ ဒီလိုကျူးကျော်နေထိုင်သူတွေဖယ်ရှားခဲ့တာနဲ့ပက်သက်လို့ ဒေသခံတွေအကြားမှာ ဂယက် ရိုက်ခတ်မှုတွေရှိနေခဲ့တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဆလိုင်းငယ်ပီးကပြောပါတယ်။

“သစ်တောဝန်ကြီးက ကွင်းဆင်းစစ်ဆေးမယ်ဆိုတဲ့အချိန်တွေမှာ အဲဒီ ၁၄၄ အကွက်က တရားဝင်မဖြစ်သေးတဲ့ ယောင်ယောင်နဲ့ ဖြစ်သွားတာတွေ ၊ နောက်တခြား တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာတဲ့အပေါ်မှာ ၁၄၄ အကွက်ကို မြေနေရာ တရားဝင်လုပ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့ဟာကို သတင်းမှန်ပြန်လည်ဖြန့်မှုအပိုင်းမှာ အားနည်းနေတဲ့ အတွက်ကြောင့် ဒေသခံတွေအနေနဲ့ ဒီလိုမလိုအပ်ပဲ ကြုံတွေ့ရတယ်လို့ သုံးသပ်ရပါတယ်။ ၁ နှစ်နီးပါးကြာမှ ဒီလိုကိုင်တွယ်လိုက်တဲ့ဟာကတော့ အားနည်းချက်တွေရှိတယ်လို့ ထောက်ပြလို့ရပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို ဒေသအတွင်းမှာလည်း ဂယက်ရိုက်နေပါတယ်။”

အဆိုပါ ဘွာလ်ပီးဒေသ ကျူးကျော်နယ်မြေမှာ နေထိုင်သူတွေအနေနဲ့ကတော့ မိုးတွင်း ကာလဖြစ်နေတဲ့အတွက်ကြောင့် ပြောင်းရွှေ့ဖို့ခက်ခဲတာကြောင့် မိုးအကုန် ဆောင်းတွင်းကာလမှာပြောင်းရွှေ့နိုင်ရေးအတွက် ပြည်နယ်အစိုးရကိုတင်ပြ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG