သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေးကိစ္စ ဗကသမျိုးဆက်တွေ ဆွေးနွေး


ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေးကိစ္စ ဗကသမျိုးဆက်တွေ ဆွေးနွေး (All Burma Federation of Student Unions - CWC)
ကျောင်းသားသမဂ္ဂပြန်လည်တည်ဆောက်ရေးကိစ္စ ဗကသမျိုးဆက်တွေ ဆွေးနွေး (All Burma Federation of Student Unions - CWC)

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအစိုးရလက်ထက်မှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက တကသ သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စမှာ အစိုးရက တိုက်ရိုက် ပါဝင်ပတ်သက်တာထက် ကျောင်းသားသမဂ္ဂမျိုးဆက်တွေနဲ့ ကျောင်းသားသမဂ္ဂအားလုံးရဲ့ ဆန္ဒသဘောထားအညီ ဆောင်ရွက်ဖို့ သမဂ္ဂမျိုးဆက်ဝင်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရန်ကုန်မြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးစီးကျင်းပတဲ့ သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စ ဆွေးနွေးပွဲမှာ သမဂ္ဂမျိုးဆက်တွေက စုစည်းတောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကို မဆုမွန်က တင်ဆက်ပေးမှာပါ။

တ.က.သ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်ပြီးတော့ ဒီနေ့ဆွေးနွေးပွဲကို ရန်ကုန် Orchid Hotel မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသက ဦးဆောင်ကျင်းပတာဖြစ်ပြီး၊ ၁၉၅၃ခုနှစ်ကစလို့ ၂၀၁၇ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအထိ ကျောင်းသားမျိုးဆက် အသီးသီး တက်ရောက် ဆွေးနွေး ခဲ့ကြ ပါတယ်။ ကျောင်းသားမျိုးဆက်တွေ အသီးသီးရဲ့သဘောထားကတော့ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦးမြေနေရာမှာ အထိမ်းအမှတ် ကျောက်တိုင်အဖြစ် နောင်မျိုးဆက်သစ်တွေ သမိုင်းမှန်ကို သိရှိ သင်္ခန်းစာယူနိုင်ဖို့ထားရှိစေလိုတဲ့ဆန္ဒရှိသလို သမဂ္ဂအဆောက်အဦးနဲ့ ပတ်သက်ပြီး ကျောင်းသားမျိုးဆက်အသီးသီးရဲ့ဆန္ဒသဘောထား၊ ကျောင်းသားသမဂ္ဂတွေရဲ့သဘောတူညီမှုနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း ကျောင်းသားမျိုးဆက်တွေက တောင်းဆိုလိုက်ကြပါတယ်။

“ဒီမြေနေရာဟာ သမိုင်းဆိုင်ရာ မြေနေရာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် စစ်အာဏာရှင်စနစ်ရဲ့ ယုတ်မာရိုင်းစိုင်းလှတဲ့ ပြယုဂ် တခုအဖြစ်နဲ့ ကျနော်တို့ ရာကျော်တဲ့ မရေမတွက်နိုင်တဲ့ ကျောင်းသားတွေရဲ့ဘဝတွေကို ဖျက်စီးလိုက်တယ်၊ ဒိုင်းနမိုက်နဲ့ ဖြိုခွဲလိုက်တဲ့ မြေနေရာဖြစ်တယ်။ ဒီနေရာမှာ သမဂ္ဂအဆောက်အဦးကို ဆောက်မယ်ဆိုတာဟာ ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးကြပါနဲ့လို့ ကျနော်တို့တောင်းဆိုပါတယ်။ ကျနော်တို့ဆက်ပြီး ၇ ဇူလိုင်အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသားအာဇာနည်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းကို ပြည်သူလူထုကိုလည်း ချပြဖို့ လိုပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင်စနစ်က ဒိုင်းနမိုက်နဲ့ ဖြိုခွဲလိုက်လို့ ပြိုသွားခဲ့ဖူးတယ်ဆိုတာကို ဘယ်သူမှ မယုံကြတော့ပါဘူး။ အဲဒါဟာ စစ်အာဏာရှင်စနစ်ရဲ့ ယုတ်မာရက်စက်တဲ့ လုပ်ဟန်တွေ၊ လုပ်ရက်တွေကို ကျနော်တို့ သမိုင်းဆိုင်ရာ မြေနေရာအဖြစ်နဲ့ ကွင်းပြင်အဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အခုနောက်ဆုံး ကြေညာချက် နောက်ဆုံးအချက်မှာ ပါပါတယ် ကျနော်တို့ မျိုးဆက်အသီးသီးပါဝင်တဲ့ ကော်မတီကသာလျှင် ကျောင်းသားသမဂ္ဂတည်ဆောက်ရေးကို ဦးဆောင်သင့်တယ်၊ ဒီလိုမှမဟုတ်ရင် ဒီကော်မတီက အတုအယောင် ကော်မတီလို့ပဲ စဉ်းစားပြီးတော့ ကျနော်တို့ မေးခွန်းထုတ်ခဲ့ရမှာဖြစ်ပါတယ်။”

အခုကြားခဲ့ရတဲ့အသံကတော့ ဆွေးနွေးပွဲမှာ ဗကသများအဖွဲ့ချုပ်ရဲ့သဘောထားကို တင်ပြခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်ဖြစ်ပါတယ်။

၁၉၆၂ခုနှစ်တုန်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အမိန့်နဲ့ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဗုံးခွဲဖျက်ဆီးခံလိုက်ရတဲ့ တကသ အဆောက်အဦး ပြန်လည် မတည်ဆောက်ခင်မှာ အဓိကအရေးကြီးဆုံးအချက်ဖြစ်တဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်စွာ လှုပ်ရှားတည်ရှိပိုင်ခွင့်ကို အာမခံချက်ပေးနိုင်ဖို့ တရားဝင် ရပ်တည်ခွင့်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတယ်လို့လည်း ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ၁၉၈၉ခုနှစ် ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့တဲ့ ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပြပါတယ်။

“တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ဆောက်ဖို့ အရေးကြီးသလို တဘက်က တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေ အထက်တန်းကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်အနှောက်အယှက်မရှိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖွဲ့စည်းအလုပ်လုပ်လာနိုင်ဖို့ အရေးကြီးတယ်ဆိုတာလည်းပဲ အားလုံးက သဘောတူကြတယ်။ ကျောင်းသားသမဂ္ဂတွေ တကယ်တရားဝင်ရပ်တည်ပြီးတော့ အနှောက်အယှက်ကင်းကင်းထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်နိုင်ဖို့ကလည်း အရေးကြီးတယ်ဆိုတာကို ဒီနေ့ ဆွေးနွေးတာတွေ့ရတယ်။”

ဗကသများအဖွဲ့ချုပ်ကျောင်းသားတွေနဲ့ ရှေ့ဆက်ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားဖို့ပြင်ဆင်နေတာနဲ့ပတ်သက်လို့လည်း ဗကသများအဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ကိုအောင်ထက်အောင်ကလည်း အခုလိုပြောပြပါတယ်။

“ကျနော်တို့က ဒီနေ့ပွဲမှာ အဓိက ဆွေးနွေးတာက သမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး နဲ့ပတ်သက်ပြီးတော့ ကျောင်းသားမျိုးဆက်အသီးသီးရဲ့သဘောထားတွေဆိုပြီးတော့ ဆွေးနွေးချက် တွေက အများကြီးပေါ့နော်၊ ဒီညနေကျရင် ကျနော်တို့ ဗကသ မျိုးဆက် တွေလည်းပါမယ်၊ ကျောင်းသားမျိုးဆက်အသီးသီးကနေ ပြန်ပြီးထုတ်ပြန်ပေးပါ့မယ်။”

တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအပါအဝင် ကျောင်းသားသမဂ္ဂနဲ့ဆိုင်တဲ့ သမိုင်းဝင်အထိမ်းအမှတ်လှုပ်ရှားမှု ဆောင်ရွက်ချက်မှန်သမျှကို အစိုးရအနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်တာမျိုးထက် ဘေးကနေ ကူညီပံပိုးပေးတာမျိုးကို လိုလားကြတယ် ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာရန်မျိုးသိမ်းကရှင်းပြပါတယ်။

“ဦးစီးဦးဆောင်လုပ်မယ့်ကော်မတီမှာ ဒီမျိုးဆက်အသီးသီးက ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ၊ နောက်နိုင်ငံရေးအရ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ ဒီလိုပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလည်း ပြောတယ်။ အဲဒီကော်မတီမှ အထူးသဖြင့်တော့ ကျောင်းသားသမဂ္ဂတွေရဲ့ ဆန္ဒနဲ့ အညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း အများစုက အဲဒီလို သဘောထားပေးကြတယ်။ ဒီ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်မယ့်ကော်မတီမှာ အစိုးရအနေနဲ့ တိုက်ရိုက်ပါဝင်တာမျိုးကို အများစုက မလိုလားကြဘူး၊ အဲဒီတော့ အစိုးရ အနေနဲ့ လိုအပ်ချက်ကို ဘေးကနေပံ့ပိုးပေးတယ် ဝန်းရံပေးတယ်ဆိုတဲ့ အနေအထားလောက်ကိုပဲ အများစုက ဖြစ်စေချင်ကြတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်က စလို့ တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်မှု ဖြစ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ဦးဆောင်ပြီး ပြင်ဆင်နေချိန်မှာပဲ အခုလို ကျောင်းသားမျိုးဆက်အသီးသီး တွေ့ဆုံကြပြီး ကျောင်းသားသမဂ္ဂတွေရဲ့ ဆန္ဒသဘောထားကို တွေ့ဆုံဆွေးနွေးကြတာလည်းဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၈ရက်နေ့မှာတော့ တော်ဝင်နှင်းဆီမှာ တကသ သမဂ္ဂ အဆောက်အဦးပြန်လည် း ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းတော့မှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG