သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်ခံရမှု ရဲမှူး ၃ ဦး ထောင်ဒဏ်အပြစ်ပေးခံရ


ရခိုင်ပြည်နယ်တွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ကင်းလှည့်နေစဉ်။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ကင်းလှည့်နေစဉ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိသူတွေအဖြစ် အဆင့်မြင့် ရဲအရာရှိကြီး ၃ ဦးကို ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး၊ လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ နယ်ခြားစောင့်ရဲတပ်ရင်းတွေရဲ့ အကြီးအကဲ တာဝန်ယူထားသူတွေကို ဒီကနေ့မှာပဲ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)နဲ့ ငါးခူရရဲစခန်း ၊ ရသေ့တောင်မှာရှိတဲ့ ကိုးတန်းကောက်နယ်မြေရဲစခန်း တို့မှာ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှု၊ လက်နက်ခဲယမ်းတွေ လုယက်ခံခဲ့ရမှု ဖြစ်စဉ်တွေမှာ တာဝန်ပျက်ကွက်ခဲ့သူတွေအဖြစ် အဆင့်မြင် ရဲအရာရှိကြီးတွေကို ထောင်ဒဏ်အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

ရဲဘက်ဆိုင်ရာ ခုံရုံးကနေ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်၊ ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ် ၁နှစ်၊ နယ်ခြားစောင့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇ ကို ထောင်ဒဏ် ၃နှစ် အသီးသီးချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးကြီး တင်ဝင်းက ပြောပါတယ်။

"အင်အား ၃၀ကျော် အကြမ်းဖက်တိုက်ခိုက်ခဲ့ရမှာ လက်နက်ခဲယမ်းပါသွားပြီးဆုံးရှုံးတာရယ် ကြီးကြပ်ကွပ်ကဲမှု အားနည်းတာရယ် အဲ့တာကြောင့် ရဲစည်းကမ်းအရ အရေးယူတာပါ။ ရဲတရားရုံးက အမိန့်ချတာ။ ကျနော်တို့မှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ ရှိတယ်လေ။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူပြီး ထောင်ချလိုက်တာ။ ကိုယ့်ဆီက လက်နက်တွေ ပါသွားပြီးဆုံးသွားတဲ့အတွက်ကြောင့်ပေါ့ဗျာ။ နောက် အကြီးအကဲတွေဖြစ်ပြီးတော့ ဒီလိုပါသွားတဲ့အခါမှာ ကိုယ့်တပ်ကို ကိုယ်ကြီးကြပ်မှု နည်းနည်းလေး လျော့ရဲတာပေါ့။ အားနည်းတာပေါ့ ဒါပါပဲ ပြင်ပတရားခံနဲ့ အကျဉ်းထောင်တွေပဲ ပို့မှာပါခင်ဗျ။ "

အခုနောက်ဆုံး ထိပ်တန်းအရာရှိကြီးတွေကို အရေးယူခဲ့တဲ့အပေါ် အင်တာနက် လူမှုကွန်ယက်တွေမှာတော့ လက်နက်ခဲယမ်း မပြည့်စုံတဲ့ အခြေအနေမျိုးမှာ ဖြစ်ခဲ့တဲ့အပေါ် အရေးယူတာ မှန်ကန်ရဲ့လား လို့လည်း မေးခွန်းထုတ်နေကြတာပါ။ အငြိမ်းစားရဲမှူးကြီး ဦးဝင်းခေါင်ကတော့ စစ်မှန်တဲ့စုံစမ်းမှုတွေ လုပ်ပြီးမှတိကျစွာအရေးယူပိုင်ခွင့်ရှိတာမို့ ဒီအရေးယူမှုဟာ မှားယွင်းမှုလို့ မဆို နိုင်ဘူးလို့ မြင်ပါတယ်။

"ရဲသော်လည်းကောင်း၊ တပ်သော်လည်းကောင်း အကြောင်းမဲ့ အရေးယူတယ်ဆိုတာတော့ မရှိဘူး။ အကြောင်းတခုခုတော့ ရှိလိမ့်မယ်။ ခိုင်လုံသောအကြောင်းပြချက်မရှိပဲနဲ့ အတိုက်ခံရလို့ လုပ်တယ်ဆိုတာ ကျနော်တို့ဆီမှာ ထုံးစံမရှိဘူး။ အရင် ကချင်ပြည်နယ် ဘက်မှာ အတိုက်ခံရတာတွေ ကိုးကန့်နယ်မြေမှာ အတိုက်ခံရတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ကိုချီးကျူးတယ် ဂုဏ်ပြုတယ်။ ရှုံးတဲ့အတွက်ကြောင့်မို့လို့ အရေးယူတယ်ဆိုတာ မရှိဘူး။ သူ ဘယ်လောက်အထိ လုပ်ခဲ့သလဲဆိုတဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့သလားဆိုတာ အဲ့ဒီ့ပေတံနဲ့ပဲ တိုင်းရမှာပါ။ ရှိတာလေးနဲ့ တိုက်ရမှာပဲဆိုတာ ဒါက ယေဘူယျသဘောပြောတာလေ။ မသိပဲနဲ့ပြောတာပေါ့ ဒါကတော့ မှားတာပေါ့ ဒီလိုလေး နဲ့ လုပ်ရတာဆိုတာ ဒါက အရပ်သား သိ သိတာလေ။ တာဝန်ရှိသူတယောက်ရဲ့ သိပုံမျိုး သိသလိုမျိုးနဲ့ မတူနိုင်ဘူး။ အဲ့တာကြောင့်မို့ ကျနော့်အနေနဲ့ ဒါကို မဝေဖန်လိုဘူး။ ကျနော်တို့သိသလောက်ကတော့ အပေါ်ဘက်က ဘလိုင်းမလုပ်ဘူး။ တတ်နိုင်သမျှ သက်သက်ညှာညှာ စဉ်းစားတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတဲ့ အဖြေပေါ်မှာသာလျှင် အရေးယူတာဖြစ်ပါလိမ့်မယ်။"

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသလို၊ အရပ်သားတချို့ သေဆုံးမှုတွေ၊ ရှိခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လက်နက် ၆၇ လက်၊ ကျည် ၁ သောင်းကျော် ဆုံးရှုံးခဲ့ရပြီး၊ တချို့ကိုသာ ပြန်လည်ရရှိခဲ့တာပါ။ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၇၀ နီးပါးကို အသေဖမ်းဆီးရမိပြီး ၅ ရာကျော် ဖမ်းဆီးထားတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အစိုးရကတော့ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့အဖွဲ့၊ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင် တဲ့အဖွဲ့ တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့အဖွဲ့၊ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းထွန်းဦးဆောင်တဲ့ အဖွဲ့ စတဲ့ စုံစမ်းရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရခိုင်ဒေသတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ နောက်ဆက်တွဲပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိတို့ကို စုံစမ်းစစ်ဆေးပြီး ပြန်လည်တည်ငြိမ်လာရေး ကြိုးပမ်းနေပါတယ်။

လက်ရှိချိန်ထိတော့ နယ် မြေတည်ငြိမ်ရေးအရ ပုဒ်မ ၁၄၄ ထုတ်ပြီး စစ်ဆင်ရေးနယ်မြေ သတ်မှတ်ကာ တပ်မတော်ကပါ ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေး ရယူထားရဆဲပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG