သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းဖို့ အဆင်သင့်ရှိကြ


အမေရိကန် သမ္မတ Donald Trump နဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့ တွေ့ဆုံဆွေးနွေး။ မေလ ၂၃ ရက် ၂၀၁၇။
အမေရိကန် သမ္မတ Donald Trump နဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့ တွေ့ဆုံဆွေးနွေး။ မေလ ၂၃ ရက် ၂၀၁၇။

အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင် ၂ ဦးစလုံးက ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး လုပ်ဆောင်ဖို့ အဆင်သင့် ရှိကြတယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အတူ အစ္စရေး ပြတိုက်တခု အတွင်း ယှဉ်ရပ်နေတဲ့ အချိန်မှာ သမ္မတ Trump က အဲဒီလို ပြောကြား လိုက်တာပါ။ သမ္မတ Trump ဟာ ဝန်ကြီးချုပ် Netanyahu နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့သလို အင်္ဂါနေ့က အနောက်ဖက် ကမ်းခြေမှာ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တနာရီကြာ တွေ့ဆုံပြီးတဲ့နောက်မှာလည်း ထပ်မံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ လောက် ကြာလာပြီဖြစ်တဲ့ ဒီပဋိပက္ခ ပြေလည်ရေးအတွက် အတိတ်က နာကျင် ခံစားခဲ့မှုတွေ၊ သဘောထား ကွဲပြားခဲ့မှုတွေကို ဘေးဖယ်ထားပြီး အားလုံးက စိတ်ပိုင်းဖြတ် လုပ်ဆောင်ကြရင် ငြိမ်းချမ်းရေး ရဖို့ ဖြစ်နိုင်ကြောင်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား သဘောတူညီချက် ရရှိနိုင်ကြောင်း အီတလီနိုင်ငံ၊ ရောမမြို့ကို မထွက်ခွာခင် သမ္မတ Trump ပြောပါတယ်။

ဒါပေမယ့် ပါလက်စတိုင်းတို့ဘက်က မကျေမလည် ဖြစ်နေတဲ့ အကြောင်းအရာ ၂ ခုဖြစ်တဲ့ အစ္စရေးက ပါလက်စတိုင်း နယ်မြေတွေ သိမ်းပိုက်ထားတဲ့ကိစ္စ၊ နှစ်နိုင်ငံ ယှဉ်တွဲ နေထိုင်ရေးကိစ္စ စတဲ့ အကြောင်းအရာ ၂ ခုကိုတော့ သမ္မတ Trump က ထည့်သွင်း ပြောဆိုခြင်း မရှိပါဘူး။

ပါလက်စတိုင်းတွေအတွက် အဓိက ပြဿနာဟာ အစ္စရေးက သူတို့နယ်မြေတွေ သိမ်းပိုက်ထားတဲ့ကိစ္စနဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက အသိအမှတ် မပြုတဲ့ ကိစ္စဖြစ်ကြောင်း အင်္ဂါနေ့ အစောပိုင်းက သမ္မတ Trump နဲ့အတူ ယှဉ်တွဲ ရှိနေစဉ် ပါလက်စတိုင်းသမ္မတ Abbas က Bethlehem မြို့မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG