သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

One China ပေါ်လစီ Trump ဘာ့ကြောင့်ပြန်လက်ခံသလဲ


အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping ။
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping ။

တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားမှုအတွင်း အမေရိကန်တို့ကျင့်သုံးလာတဲ့ တရုတ် တနိုင်ငံတည်း မူအတိုင်း ဆက်ကျင့်သုံးသွားပါမယ်လို့ သမ္မတ Trump ကပြောခဲ့ပါတယ်။ Mr. Trump သမ္မတတာဝန်မယူခင် ၂၀၁၆ ဒီဇင်ဘာလတုန်းက ထိုင်ဝမ်သမ္မတနဲ့ စကားပြောခဲ့ပြီးနောက် တရုတ်တနိုင်ငံတည်းမူကို လက်ခံချင်မှ လက်ခံမယ် ဆိုတာမျိုးပြောခဲ့ပြီးနောက်မှာ အခုလို သမ္မတရဲ့ ရပ်တည်ချက်ပြောင်းသွားခဲ့တာပါ။

Trump အစိုးရသစ်ရဲ့ တရုတ်နဲ့ပါတ်သက်လို့ ဝေဖန်ပြောကြားထားချက်တွေကြောင့် ၂ နိုင်ငံဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲ မေးခွန်းထုတ်နေကြချိန်မှာ သမ္မတ Trump က တရုတ်တနိုင်ငံတည်းမူကို ဆက်ပြီးလက်ခံသွားဖို့ပြောခဲ့တာက တရုတ်အတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ရေရှည်ခံမလဲဆိုတာကို VOA သတင်းထောက် Bill Ide က ဘေဂျင်းမြို့တော်ကနေ သတင်းပို့ပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ကြား ဆက်သွယ်စကားပြောမှုဟာ သိပ်ကို ဖော်ဖော်ရွေရွေရှိလှပြီး ခေါင်းဆောင် ၂ ယောက်လုံးက အပြန်အလှန်လာလည်ကြဖို့ ဖိတ်ခေါ်ခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အထူးခြားဆုံးကတော့ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးရဲ့ အုတ်မြစ်တခုဖြစ်တဲ့ တရုတ်တနိုင်ငံတည်းမူကို အမေရိကန်က ဆက်ပြီးကျင့်သုံးသွားမယ်လို့ သမ္မတ Trump ကပြောကြားခဲ့တာပါ။

တရုတ်ပြည်တွင်းစစ်အတွင်း ၁၉၄၉ ခုနှစ် မှာ ထိုင်ဝမ်ကသီးခြားခွဲထွက်ပြီး တက်ကြွတဲ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်ဟာ သူတို့ရဲ့ပိုင်နက်တခုဖြစ်တယ်လို့ပြောပြီး ပြန်လည်ပေါင်းစည်းရေးကို လိုလားနေခဲ့တာပါ။ ဒီ့အတွက် အင်အားသုံးနိုင်တဲ့ အလားအလာကို ဘယ်တုန်းကမှ ပယ်မချခဲ့ပါဘူး။ ဒါကြောင့် Mr. Trump သမ္မတရွေးကောက်ပွဲနိုင်ပြီးနောက် ဒီဇင်ဘာလတုန်းက ထိုင်ဝမ်သမ္မတ Tsai Ing-wen ကသမ္မတ Trump ဆီကိုဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့တော့ တရုတ်ဘက်က အတော် ဒေါသထွက်ခဲ့ပါတယ်။

အမေရိကန်က တရုတ်နဲ့သံတမန်ဆက်ဆံရေးစခဲ့တဲ့ ၁၉၇၉ ခုနှစ်ထဲကထားရှိတဲ့ တရုတ်တနိုင်ငံမူကို ဆက်ပြီးကျင့်သုံးချင်မှ ကျင့်သုံးမယ်လို့ သမ္မတ Trump ကပြောခဲ့တာကြောင့်လည်း တရုတ်ဘက်က စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ သမ္မတ Xi ရဲ့တောင်းဆိုချက်အရ သမ္မတ Trump က အမေရိကန်တို့ကျင့်သုံးနေတဲ့ “One China Policy” တရုတ်တနိုင်ငံတည်းမူကို ဆက်ပြီးကျင့်သုံးသွားဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စာသားအရ သမ္မတဟာ တရုတ်သတ်မှတ်တဲ့ တပြည်ထောင်မူထက် အမေရိကန်သတ်မှတ်တဲ့ တရုတ်တနိုင်ငံတည်းမူကို ဆက်ကိုင်စွဲသွားမယ်ဆိုတဲ့ သဘောရောက်တယ်လို့ နိုင်ငံတကာမဟာဗြူဟာလေ့လာရေးအဖွဲ့မှာ အာရှဆိုင်ရာ အကြီးတန်းသုတေသီလုပ်နေသူShangri-La Dialogue က Alexander Neill ကသုံးသပ်ပါတယ်။ ဒါပေမဲ့ Trump အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ဆက်ဆံရေးကို ဆက်ပြီးတိုးတက်အောင် လုပ်သွားမယ့်ပုံရတယ်လို့ သူကမြင်ပါတယ်။

"Trump ကထိုင်ဝမ်နဲ့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးကို သိသိသာသာ တိုးချဲ့ကောင်း တိုးချဲ့သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တရုတ်တနိုင်ငံထဲမူကို ဆက်လက်ကိုင်စွဲတယ်ဆိုတာနဲ့ ထိုင်ဝမ်အစိုးရနဲ့ ဆက်ဆံရေးအတွက် အချိန်ပေးစရာမလိုဘူးလို့ ဆိုလိုရာမရောက်ပါဘူး။"

ထိုင်ဝမ်သမ္မတ Tsai နဲ့ အမေရိကန်သမ္မတ Trump တို့ဆက်သွယ်စကားပြောပြီးနောက် ထိုင်ဝမ် တရုတ် ဆက်ဆံရေးနဲ့ပါတ်သက်လို့ သတိထားဖို့ သမ္မတကို နိုင်ငံခြားရေးဌာန နဲ့ နိုင်ငံတော်လုံခြုံရေးတာဝန်ရှိသူတွေက ပြောကြားထားပုံရတယ်လို့လည်းသူကသုံးသပ်ပါတယ်။

တရုတ်ဟာ အမေရိကန်ရဲ့စီးပွားရေးကို မတရားယူနေသူ၊ ငွေကြေးတန်ဖိုးချပြီး ကုန်သွယ်ရေးမှာ အသာရအောင်လုပ်နေသူလို့ သမ္မတ Trump က ပြင်းပြင်းထန်ထန်ပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပါတ်သက်လို့ တရုတ်ကို အရေးယူရမယ်လို့ ပြောထားခဲ့တာပါ။

ဒါပေမဲ့ အခုတော့ အမေရိကန်က တရုတ်နဲ့ ပြဿနာဖြစ်နေတာ အကျိုးမရှိဘူးဆိုတာ သဘောပေါက်သွားပုံရတယ်လို့ အာရှရေးရာသုံးသပ်သူတချို့က မြင်နေပါတယ်။ အာရှရေးရာကျွမ်းကျင်သူ Alejandro Reyes ကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ရဲ့ တရုတ်ဆက်ဆံရေးနဲ့ ပါတ်သက်တဲ့ အကြံပြုချက်တွေ သမ္မတ Trump ခေါင်းထဲရောက်သွားပုံရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေ ဖြစ်သွားနိုင်သေးတာကိုလည်း ခုလို ပြောပါတယ်။

"တရုတ်နဲ့ပါတ်သက်ရင် အပြောင်းအလဲတွေ ဖြစ်သွားတာ အများကြီးပါ။ အခုကိစ္စကတော့ ညတွင်းချင်းပြောင်းလဲသွားသလိုပါပဲ။ ဒါပေမဲ့ Trump ရဲ့ကမ္ဘာမှာတော့ အပြောင်းအလဲတွေက ညတွင်းချင်းတောင်မဟုတ်ဘူး၊ နာရီပိုင်း အတွင်းမှာလည်း ဖြစ်သွားနိုင်ပါတယ်။"

ထိုင်ဝမ်သမ္မတ Tsai Ing-wen ဘက်ကတော့ တရုတ် အမေရိကန်ဆက်ဆံရေးမှာ ထိုင်ဝမ်က အပေးအယူလုပ်စရာကိစ္စတခု မဖြစ်အောင် အမေရိကန်နဲ့ဆက်ဆံရေးကို သတိထားကိုင်တွယ်ပုံရတယ်လို့ သုံးသပ်သူတချို့က ယုံကြည်နေကြပါတယ်။ ဝါရှင်တန်အခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က အရှေ့အာရှဆိုင်ရာ ညွန်ကြားရေးမှူး Alan Romberg ကတော့ ထိုင်ဝမ်အစိုရဟာ အပေးအယူ လုပ်ခံရတာမျိုးလည်း အဖြစ်မခံနိုင်သလို တရုတ်အစိုးရကိုလည်း စိတ်မဆိုးစေချင်ပါဘူးလို့မြင်ပါတယ်။

Trump အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း လိုလားတဲ့အတွက် ဆက်ဆံရေးကောင်းဖို့ကြိုးစားမယ့် တချိန်ထဲမှာ ထိုင်ဝမ်အတွက်လည်း အကျိုးမရှိတဲ့အပြင် ထိခိုက်နိုင်မယ့် အင်အားပြိုင်မှုကြား မရောက်အောင် သိပ်ကိုသတိထားပြီးလုပ်ပါလိမ့်မယ်လို့ သူကပြောပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်ကြား ဘာပြဿနာမှမဖြစ်စေတဲ့ ချဉ်းကပ်မှုနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ဆက်ပြီးထားရှိသွားမယ်လို့ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတို့ တယ်လီဖုန်းနဲ့ဆက်သွယ်စကားပြောပြီးနောက် ထိုင်ဝမ်သမ္မတရုံး က သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

အရှေ့အာရှဒေသ တည်ငြိမ် အေးချမ်းရေးအတွက် အမေရိကန်အစိုးရက သိပ်အရေးတကြီးထားတယ်ဆိုတာကို ထိုင်ဝမ်က နားလည်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုတရုတ်နဲ့ အမေရိကန် ဆက်ဆံရေးပြေလည်သွားပြီလို့ ယူဆရချိန်မှာ အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုပြင်းထန်နေချိန်လည်းဖြစ်ပါတယ်။ သောကြာနေ့ နေ့လည်ပိုင်းမှာတော့ သမ္မတ Trump ဟာဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်နဲ့ ဂျပန်မဟာမိတ်ဆက်ဆံရေးဟာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် အုတ်မြစ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကတေ့ွဆုံပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG