သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ကာကွယ်ရေးဝန်ကြီးသစ် Mattis အမြင် တရုတ်ကြိုဆို


အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis
အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis

ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်တို့ဖက်က ကျွန်းတုတွေဖန်တီးပြီးသူတို့ပိုင်နက်ဖြစ်ကြောင်း အတင့်ရဲရဲ လုပ်နေတဲ့အပေါ် အမေရိကန်ဖက်က စစ်ရေးနည်းနဲ့တုံ့ပြန်စရာမလိုသေး အမေရိကန်ကာကွယ်ရေး ဝန်ကြီး James Mattis ပြောကြားခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ကြိုဆိုခဲ့ပါတယ်။

ဝန်ကြီး Mattis က သံတမန်ရေးနည်းတွေနဲ့ဖြေရှင်းရမယ်လို့ ပြောခဲ့တာဟာ အပြုသဘောဆောင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွေကြား အငြင်းပွားနေတဲ့ တရုတ်ပင်လယ်ထဲက ရေပြင်ပိုင်နက်တွေနဲ့ပတ်သက်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ်ရဲ့ သဘောထားနဲ့ တရုတ်တို့ရဲ့ တုံ့ပြန်ချက် အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြောက်ကိုရီးယား Nuclear အန္တရာယ်နဲ့ တောင်တရုတ်ပင်လယ် ထဲက ရေပြင် ပိုင်နက် အငြင်းပွားနေတဲ့နေရာမှာ တရုတ်တို့ကကျွန်းတုတွေဖန်တီးပြီး စစ်ရေး အင်အားတည်ဆောက်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် James Mattis ကသူ့ရဲ့ ပထမဆုံးနိုင်ငံခြားခရီးအဖြစ် တောင်ကိုရီးယားနဲ့ဂျပန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာသွားရောက်ခဲ့တာပါ။

ဒေသတွင်းနိုင်ငံတွေအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ကတိတွေ အတိုင်း ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်ဆိုတာကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ၂ နိုင်ငံလုံးမှာ ထပ်ပြီးအာမခံ ကတိပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဂျပန်ကာကွယ်ရေး ဝန်ကြီး Tomomi Inada နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ က တွေ့ဆုံဆွေးနွေခဲ့အပြီး တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ရဲ့လုပ်ရပ် အတွက် စစ်ရေးနည်းနဲ့ တုံ့ပြန်စရာမလိုလောက်သေးဘူးလို့ ခုလို ပြောကြားခဲ့ပါတယ်။

"လောလောဆယ်အချိန်မှာတော့ စစ်ရေးအရချက်ချင်းဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်တို့ လုံးဝမမြင်သေးပါဘူး၊ သံမန်ရေးနည်းလမ်းတွေအားလုံးကို အစွမ်းကုန် သုံးပြီး ပြဿနာကို သေသေချာချာဖြေရှင်းဖို့ကြိုးစားရမှာပါ။ နည်းလမ်းမျိုးစုံ လမ်းဖွင့်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်သွားရပါမယ်။"

ပိုင်နက်အငြင်းပွားနေတဲ့ ရေပြင်ထဲမှာတရုတ်တို့က ကျွန်းတုတွေဖန်တီးပြီး သူတို့ပိုင်နက်ဖြစ်ကြောင်း အတင်းလုပ်ပြနေတာကြောင့် အဲဒီကျွန်းတုတွေဆီ တရုတ်တို့မသွားနိုင်အောင် ရေကြောင်းပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ နိုင်ငံခြားေ ရး ဝန်ကြီး Rex Tillerson ကသူ့ကို ရာထူး ခန့်သင့် မသင့် လွှတ်တော်ကြားနာပွဲတုန်းကပြောခဲ့တာပါ။ Trump အစိုးရကလည်း မဟာဗြူဟာကျတဲ့ နိုင်ငံတကာ ရေပိုင်နက်ကို စစ်ရေးနည်းသုံး ကာကွယ်သွားရမယ်ဆိုတာမျိုး ပြောကြားထားချိန်မှာ ကာကွယ်ရေးဝန်ကြီးသစ် Mattis က သံတမန်ရေးနည်းနဲ့ ရှေ့တန်းတင်ဖြေရှင်းဖို့ ပြောခဲ့တာကို တရုတ်တို့ဖက်က ကြိုဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ကတနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့ပါတယ်။

"အမေရိကန်ကာကွယ်ရေးဝန်ကြီးက သံတမန်ရေးနည်းလမ်းတွေသုံးပြီး အငြင်းပွားမှုတွေကို ညှိုနှိုင်းဖြေရှင်းဖို့ ပြောကြားခဲ့တာဟာ အပြုသဘောလို့ မှတ်ယူပါတယ်။ တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်ပြင် ထိဆက်နေတဲ့နိုင်ငံတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် တောင်တရုတ်ပင်လယ်ကိစ္စက ပုံမှန်ပြန်ဖြစ်နေပါပြီ။ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့နိုင်ငံတွေကြား ဆွေးနွေးတိုင်ပင်ပြီး ခြားနားတဲ့အမြင်တွေကို ပိုဆိုးမသွားအောင်လုပ်နိုင်ခဲ့ပါပြီ။ ဒေသတွင်းမှာ ဆက်လက် ငြိမ်းချမ်းရေး၊ လုံခြုံ တည်ငြိမ်နေအောင် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပေါင်းပြီး ကြိုးစားဆောင်ရွက်နေပါတယ်။"

ငါးတွေပေါများပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့ကြောတွေရှိတဲ့ ရေပြင်နယ်နိမိတ်တွေကို မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ Brunei နဲ့ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြပေမဲ့ တရုတ်ကတော့ အဲဒီရေပြင်နယ်နိမိတ်အများစုကို သူတို့ပိုင်တယ်လို့ အခိုင်အမာ ပြောရုံတင်မက အဲဒီနေရာတွေမှာ ကျွန်းတုတွေဖန်တီးနေတာဖြစ်ပါတယ်။ ခုလိုအမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ Australia နိုင်ငံ New South Wales တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer က သူ့ရဲ့အမြင်ကို VOA ခုလိုပြောပြပါတယ်။

"တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ Tokyo မှာသူ အလေးထားပြောခဲ့တာက ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားမသွားအောင် သံတမန်ရေးနည်းနဲ့ လုပ်သင့်တယ်ဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း ကျယ်ပြန့်တဲ့ တခြားကိစ္စတွေနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အစိုးရကြား ခက်ခက်ခဲခဲ အပေးအယူလုပ်စရာတွေရှိတယ်။ ဒါပေမဲ့ သံတမန်ရေးနည်း နည်းလမ်းတွေဖွင့်ထားတယ်ဆိုတာကို အသိပေးလိုက်တာဖြစ်တယ်" လို့ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန်ကြား အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းစုတွေနဲ့ပတ်သက်လို့တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်တို့ဖက်က ရပ်တည်ခဲ့ပါတယ်။ ဂျပန်ဖက်က Senkaku လို့ခေါ်ပြီး တရုတ်ဖက်က Diaoyu လို့ ခေါ်တဲ့ လူမနေတဲ့ကျွန်းစုတွေအပေါ် ဂျပန်တို့ကထိန်းချုပ်တာကို အမေရိကန်က အသိအမှတ်ပြုတယ်လို့ ကာကွယ်ရေးဝန်ကြီး James Mattis က ဂျပန် ကာကွယ်ရေး ဝန်ကြီးနဲ့ Tokyo မြို့တော်မှာ တေ့ွဆုံစဉ်က ပြောခဲ့တာပါ။

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ကြား ကာကွယ်ရေး သဘောတူညီချက်တွေထဲမှာ အဲဒီကျွန်းစုတွေလည်း အကျူံးဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Mattis ကပြောပါတယ်။

တရုတ်တို့က အစဉ်အဆက်ပိုင်လာတဲ့ ကျွန်းတွေနဲ့ပတ်သက်လို့ အမေရိကန်ဘက်က မှားယွင်းပြောနေတာတွေကို ရပ်ပါလို့ တရုတ်ဘက်က တိုက်တွန်း တုံ့ပြန်ခဲ့ပါသေးတယ်။ အချုပ်အခြာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အမေရိကန်ဖက်က ပိုပြီး ရှုပ်ထွေးအောင် မလုပ်ဖို့နဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမယ့် ကိစ္စတွေကို အမေရိကန်အနေနဲ့ ရှောင်ရှားဖို့ တရုတ်ဖက်က ပြောကြားခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဟာ ဂျပန်မသွားခင် တောင်ကိုရီးယားနိုင်ငံကို သွားခဲ့စဉ်ကလည်း အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ကို တောင်ကိုရီးယားမှာ ထားနိုင်ရေးကိစ္စ ရှေ့ဆက်နိုင်ဖို့ တောင်ကိုရီးယား အစိုးရနဲ့ ထပ်ပြီး သဘောတူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG