သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump မိန့်ခွန်းအပေါ် နိုင်ငံသားတချို့အမြင်


အမေရိကန်ပြည်ထောင်စုမှာ မနှစ် နိုဝင်ဘာလအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲအပြီး သမ္မတ Donald Trump ဟာ လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့ညက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သမ္မတ Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူတွေရဲ့ အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာကို ဗွီအိုအေ သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ်က ပြောကြားခဲ့တဲ့ မိန့်ခွန်းထက် အင်္ဂါနေ့ညက လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ သမ္မတ Donald Trump ပြောကြားတဲ့ မိန့်ခွန်းဟာ ပိုပြီး သမ္မတအရည်အချင်းနဲ့ ကိုက်ညီတဲ့ မိန့်ခွန်းမျိုး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံသား အများစုက သုံးသပ်ကြပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ အင်းအားရှိတဲ့၊ ဂုဏ်ယူစရာကောင်းတဲ့၊ လွတ်လပ်တဲ့ တိုင်းပြည်တခု ဖြစ်တယ်ဆိုတာကို ကမ္ဘာတဝှမ်းမှာရှိတဲ့ မိတ်ဆွေနဲ့ ရန်သူနိုင်ငံတွေအားလုံး သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနည်းတူ အမေရိကန် ပြည်သူတွေဟာလည်း သမ္မတရဲ့ မိန့်ခွန်းအပေါ် အမြင်အမျိုးမျိုး ရှိနေကြတာပါ။

နိုင်ငံအတွင်းက အခြေခံအဆောက်အဦးတွေ ပြုပြင်၊ တိုးချဲ့ရေးအတွက် ငွေကြေး အမြောက်အများ အကုန်ကျခံ လုပ်ဆောင် သွားမယ့်အကြောင်း သမ္မတ Trump က ထည့်သွင်း ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကာလအတွင်း Hillary Clinton ကို ထောက်ခံ အားပေးခဲ့တဲ့ Pennsylvani ပြည်နယ်၊ Holmes မြို့ခံ Pete Harwan က သူ့ရဲ့ အမြင်သဘောထားကို အခုလို ပြောပြပါတယ်။

“သူ့အနေနဲ့ အခွန်တွေလည်း လျော့ကောက်မယ်ပြောထားတော့ အခြေခံအဆောက်အဦးတွေကို ဘယ်ကငွေနဲ့ ဆောက်မှာလဲ။ အဲဒီ အခြေခံအဆောက်အဦးတွေ ဆောက်ဖို့အတွက် ချမ်းသာတဲ့လူတွေထံက အခွန်တိုးကောက်မှ ရနိုင်မှာပေါ့ဗျာ။ အဲဒီနည်းနဲ့ပဲ တိုင်းပြည်အတွင်းက အခြေခံအဆောက်အဦးတွေကို ပြုပြင်၊ တည်ဆောက်နိုင်မှာပေါ့။”

တိုင်းပြည်အနောက်ဘက်ခြမ်း Nevada ပြည်နယ်၊ Las Vegas မြို့မှာ တရုတ်နွယ်ဖွား အမေရိကန် နိုင်ငံသားတွေက ဦးဆောင် ပြုလုပ်တဲ့ သမ္မတ Trump မိန့်ခွန်း စောင့်ကြည့်ပွဲအခမ်းအနားကို လာတက်တဲ့သူတွေ အကြားမှာလည်း တိုင်းပြည်ကို ဘယ်လို ဦးဆောင်သွားမလဲ ဆိုတဲ့ သမ္မတရဲ့ အစီအစဉ်တွေပေါ် မေးခွန်းထုတ်နေကြပါတယ်။

အဲဒီ အခမ်းအနားကို တက်လာတဲ့ Chris Villasenor ကတော့ သူ့ရဲ့ အမြင်ကို အခုလို ပြောပြပါတယ်။

“အခုချိန်ထိတော့ ကောင်းတာတွေချည်းပဲ ပြောနေတာကို တွေ့ရပါတယ်။ ဘာမှ လုပ်ပေးတာတော့ မတွေ့ရသေးဘူး။ ဘာမှ အတိအကျ အကောင်အထည် မဖော်ရသေးဘူး၊ ဒါပေမယ့် လုပ်ငန်းစဉ်တွေကို မကြာခ ပြောင်းတာကို တွေ့နေရပါတယ်။ တခုခုကို အကောင်အထည်ဖော် လုပ်ပြတာကို ကျနော်ကတော့ မြင်ချင်တယ်။ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။”

Texas ပြည်နယ်က ကျောင်းဆရာလည်းဖြစ်၊ စစ်မှုထမ်းဟောင်း တဦးလည်းဖြစ်တဲ့ Jeff Olsen ကတော့ သမ္မတ Trump ပြောသွားတာတွေကို သဘောကျတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ သီတင်းပတ် ၅ ပတ်လောက်က ဒါမျိုးပြောတယ်ဆိုရင် ကျနော့်အနေနဲ့ ပိုပြီး သဘောကျမိမှာ သေချာပါတယ်။ ကျနော်တို့အားလုံးဟာ အမေရိကန်တွေချည်းပါပဲ။ အမေရိကန်ပြည်ထောင်စု ကောင်းကျိုးဖြစ်ထွန်းတာကို ကျနော်တို့အားလုံး မြင်တွေ့လိုကြပါတယ်၊ ဒါပေမဲ့ သမ္မတ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ညီညွတ်ရေးကို ဖြစ်ပေါ်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကို တွေ့ရပါတယ်။”

မယ်ရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဦးထွန်းအောင်ဟာလည်း သမ္မတ Trump ရဲ့ မိန့်ခွန်းကို စောင့်ကြည့်ခဲ့သူတွေထဲ တဦးအပါအဝင် ဖြစ်ပါတယ်။ သူကတော့ သမ္မတရဲ့မိန့်ခွန်းဟာ အမေရိကန် နိုင်ငံသားတွေအကြိုက် ဦးစားပေး ပြောကြားခဲ့ပုံရတယ်လို့ သုံးသပ်ပါတယ်။

“America First ကို သူက။ ဒါ ပြည်တွင်းကြိုက် သူက ပြောသွားတာပေါ့လေ။ ရီပတ်ပလစ်ကန်တွေကတော့ အဲဒီမှာ လွှတ်တော်တွင်း မတ်တပ်ထရပ်ပြီး လက်ခုပ်တီးကြတာပေ့ါ။ ဒါပေမဲ့ ဒီဥစ္စာက အမေရိကန်က တကိုယ်တော်မင်းသားနဲ့ လုပ်လို့မရဘူး။ နိုင်ငံခြားနဲ့ ဆက်သွယ်ပြီးတော့ လုပ်ရမယ်။ နိုင်ငံခြားက ကြီးပွားမှပဲ ကိုယ် ကြီးပွားတာကိုး။ တွက်ကြည့်လိုက်မယ်ဆိုရင် သူက အမေရိကန်က နံပါတ်တစ် ဦးစားပေးမယ်။ ကျန်တဲ့ဟာတွေတော့ သိပ်ပြီးတော့ ဦးစားမပေးဘူးပေါ့။ နောက်ပြီးတော့ နိုင်ငံခြား အထောက်အကူပေးတာ လျှော့ချမယ်တဲ့။ နိုင်ငံခြား အထောက်အကူက နိုင်ငံခြားရေး ဆက်ဆံမှုနဲ့ ပတ်သက်တယ်။ နိုင်ငံခြား အထောက်အကူပေးတာက အမေရိကန်အတွက်လည်း အကျိုးရှိတယ်။ ပို နာမည်ရတယ်။ နောက်ပြီး ဆင်းရဲဒုက္ခရောက်တဲ့လူတွေကို ကူညီရာရောက်တဲ့အတွက် ဒါ Human Rights လူ့အခွင့်အရေးနဲ့ လည်း ဆိုင်တယ်။ ဒါပေမဲ့ အားလုံး ခြုံကြည့်လိုက်လို့ရှိရင် အရင်က သူပြောသွားတာတွေ၊ Twitted လုပ်နေတာတွေထက် စာလို့ရှိရင် အင်္ဂါနေ့ညက ပြောသွားတာဟာ ပိုပြီးတော့ သမ္မတ ပိုဆန်တယ်။ သမ္မတ အိန္ဒြေနဲ့ ပိုပြီး ဆန်တယ်။ နောက်ပြီးတော့ ဒီမိုကရက်တွေကို ပြောတဲ့ cooperate လုပ်ပါ။ ပူးပေါင်းဆောင်ရွက်ပါဆိုပြီးတော့ အဲလိုပြောသွားတယ်။”

သမ္မတ Trump က အခြေခံအဆောက်အဦးတွေ ပြုပြင်၊ တည်ဆောက်ရေးအတွက် ငွေကြေး အမြောက်အများ သုံးစွဲဖို့ မိန့်ခွန်းထဲမှာ အဆိုပြုခဲ့တဲ့အပြင် ကာကွယ်ရေး အသုံးစားရိတ်ကိုလည်း ၁၀% နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ တိုးမြင့် သုံးစွဲမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့တာပါ။ တချိန်ထဲမှာပဲ အခွန်ကောက်ခံမှုတွေကိုလည်း လျော့ချဖို့ စီစဉ်နေကြောင်း ပြောဆိုနေတာကြောင့် သူအဆိုပြုထားတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ရေး ဘယ်ကနေ ဘဏ္ဍာငွေကြေးရယူမလဲဆိုတဲ့အပေါ် အများစုက ဝေဖန် ပြောဆိုနေကြတာပါ။

ဦးထွန်းအောင်ကတော့ သမ္မတအနေနဲ့ ပြောသွားတာတွေကို လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

“ရှေ့ဆက်ပြီးတော့ ဘာလုပ်မလဲဆိုတဲ့ဥစ္စာကျတော့ လက်တွေ့မှာ ပြောသွားတာကတော့ ပြောသွားတာပေါ့လေ။ လက်တွေ့ ဘယ်လိုလုပ်မလဲ။ နိုင်ငံခြားက အခုဝင်လာတဲ့ ဗီဇာကိစ္စတွေ၊ နောက်ပြီးတော့ တရားရုံးနဲ့ သူ ပဋိပက္ခဖြစ်တာတွေ အဲဒါမျိုးတွေ ဘာတွေက မလုပ်သင့်တာတွေ ရှိတယ်။ သူ ရှေ့ဆက် လုပ်ဦးမှာလား ဆိုတဲ့ဥစ္စာ။”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ အင်္ဂါနေ့ညက လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှာ သမ္မတ Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း အမေရိကန် စီးပွားရေး ပြန်လည်အားကောင်းလာအောင် လုပ်ဆောင်မှာတွေအပြင်၊ သမ္မတ Barack Obama လက်ထက်က ချမှတ်ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို အစားထိုးဖို့ လုပ်ဆောင်နေကြောင်း၊ အစွန်းရောက် အစ္စလာမ်မစ်တွေကို ချေမှုန်းသွားမယ့် အကြောင်းတွေကိုလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

Donald Trump ဟာ ၄၅ ဦးမြောက် အမေရိကန်သမ္မတအဖြစ်နဲ့ တာဝန်ထမ်းဆောင်တာ အခုဆို သက်တမ်းအားဖြင့် တလသာသာပဲ ရှိပါသေးတယ်။ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရရေးအတွက် မဲဆွယ်စည်းရုံးရင်း မိတ်ဆွေတွေ၊ ရန်သူတွေ အများအပြား ရှိခဲ့တာကြောင့် သူလုပ်ချင်တဲ့ အစီအစဉ်တွေကို လွှတ်တော်အမတ်တွေက ဘယ်လောက်အထိ ထောက်ခံပေးကြမလဲဆိုတာနဲ့ အဲဒီ လွှတ်တော်အမတ်တွေကို ရွေးကောက် တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင် ပြည်သူတွေကရော ဘယ်လောက်အထိ ထောက်ခံမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG