သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းထောက်ဆရာနှစ်ဦးကို အမှုထပ်တိုး


ကချင်သင်းထောက်ဆရာနှစ်ဦး (MOI)
ကချင်သင်းထောက်ဆရာနှစ်ဦး (MOI)

တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာရဲစခန်း ကိုလွှဲပြောင်းခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသက ဘာသာရေးသင်းထောက်ဆရာ ဦးတီတီနောင်လတ်(ခေါ်) ဦးဒွမ်ဒေါ့ နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ နှစ်ဦးကို မူဆယ်ရဲစခန်းကနေ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အပါအဝင် ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ (၈)နဲ့မြို့နယ်တရားရုံးမှာ မနေ့ကတရားစွဲဆိုခဲ့ပါတယ်။

သင်းထောက်ဆရာနှစ်ဦးရဲ့ အမှုအတွက် အာမခံရဖို့ခက်ခဲပေမယ့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အမှု နဲ့ပက်သက်ပြီးအမှု မရရအောင်တင်တဲ့အနေအထားလို့လည်းကချင်ဘာသာရေးအဖွဲ့ ခေါင်းဆောင်တွေက ရှု့မြင်ပါတယ်။ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံးကိုးဒေသက ဘာသာရေးသင်းထောက်ဆရာ ဦးတီတီနောင်လတ်(ခေါ်) ဦးဒွမ်ဒေါ့ နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၁၇/၁ အပါအဝင် ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ(၈)နဲ့ မြို့နယ်တရားရုံးမှာ မနေ့ကစွဲချက်တင်ခဲ့တယ်လို့ မူဆယ်မြို့မရဲစခန်းက ဒုရဲမှူးအေးမြင့်က ပြောပါတယ်။

“ဦးတီတီနောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မနေ့က ကျနော်တို့ ၇ ရက်နေ့က မြို့နယ်တရားရုံးကို ကျနော်တို့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇/၁ နဲ့ တရားစွဲဆိုထားပါတယ်။ သူတို့ ၂ ဦးမှာပါလာတဲ့ အခင်းဖြစ်စဉ်မှာ သူတို့ဆီက သိမ်းဆည်းရမိတဲ့ ဆိုင်ကယ် ၂ စီးနဲ့ပတ်သက်ပြီးတော့ ပို့သွင်း(၈) နဲ့ ကျနော်တို့ သီးခြားအမှု ထပ်ဖွင့်ပါတယ်။ ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ (၈)နဲ့ကျနော်တို့ အရေးယူထားပါတယ်။”

ဦးဒွမ်ဒေါ့ နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ နှစ်ဦးဟာ မုံးကိုးတိုက်ပွဲကာလအတွင်း KIO ကချင်လွတ်လပ်ရေး အဖွဲ့ အတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းတွေကို ပါဝင်လုပ်ဆောင်ခဲ့လို့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ စွဲချက်တင်ခဲ့သလို သူတို့နှစ်ဦးစီးနင်းနေတဲ့ မော်တော်ဆိုင်ကယ်ဟာလဲ တရားမဝင်ဖြစ်နေလို့ ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ(၈)နဲ့ထပ်မံ တရားစွဲဆိုခဲ့တယ်လို့ မူဆယ်မြို့မရဲစခန်းက ဒုရဲမှူးအေးမြင့်က ပြောပါတယ်။

လက်ရှိသင်းထောက်ဆရာနှစ်ဦးကို မူဆယ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ရှိနေတယ်လို့ ဒုရဲမှူးအေးမြင့်က ပြောပါတယ်။

ကချင်နှစ်ခြင်းအသင်းတော် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆန်ဆွမ်ကတော့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်တွေ့ရှိမှုနဲ့အမှု ထပ်မံစွဲချက်တင်တဲ့အပေါ် အခုလိုပြောပါတယ်။

“ကျနော် မနေ့က သူတို့ ရှေ့နေတွေပြောချက်အရတော့ ၁၇/၁ နဲ့ စွဲချက်တင်ထားတယ်၊ နောက် ဆိုင်ကယ် without ပေါ့နော် without လိုင်စင်လည်း အဲဒီအမှုတွေလည်း ပါတယ်ပြောတယ်။ ဆိုင်ကယ် without ကတော့ ဒီမှာက အားလုံး ၁၀၀ ရာခိုင်နှုန်း စီးတယ်ဆရာရေ၊ ကျနော်ထင်တာတော့ ဒီအမှုကို မရရအောင်ကို ရှာဖွေပြီးမှ တပ်ထားတဲ့ ပုဒ်မတွေပေါ့နော်၊ ဒါတွေကတော့ မလိုအပ်တဲ့ ပုဒ်မတွေပါ။”

မူဆယ်နဲ့မုံးကိုးဒေသဟာ နယ်စပ်ဒေသဖြစ်နေလို့ တရုတ်ပြည်ကတရားမဝင်တင်သွင်းလာတဲ့ ယာဉ် အများအပြားရှိနေ တယ်ဆိုပေမဲ့ ဖမ်းဆီးမှုတွေ မရှိဘူးလို့ မူဆယ်ဒေသခံ အိုက်ခမ်းကဆိုပါတယ်။

“နယ်စပ်မြို့ဆိုတော့ ဖမ်းလည်းအမြဲတမ်းမဖမ်းနိုင်ဘူး၊ ဆိုင်ကယ်ဆိုရင်လည်း ကျနော်တို့ဒီ တရုတ်ပြည်ကနေ ထုတ်နေတာတွေက နေ့တိုင်းရှိတယ်ခင်ဗျ။ ပြီးရင် အဖမ်းအဆီးကလည်း အဲလောက်အထိ မရှိဘူးဆိုတော့ ဒီမူဆယ်မှာဆိုရင် ရေတွက်လို့တောင်မရဘူး။ ဆိုင်ကယ်က အကုန်လုံး Without တွေကြီးပဲ၊ ကားတွေရောပဲ။”

ဦးဒွမ်ဒေါ့ နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးအမှုဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကနေ ထုတ်ပြန်တဲ့ အမှုဖြစ်လို့ အာမခံရဖို့ခက်ခဲနေပေမဲ့ ကချင်နှစ်ခြင်းအသင်းတော်ကနေ ဆက်လက် ကူညီ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာခလမ်ဆန်ဆွမ်က ပြောပါတယ်။

“ကျနော်ထင်တာကတော့ မလွယ်ဘူးထင်တယ်၊ အာမခံတော့။ ဒါပေမယ့် ကျနော်တို့ ကြိုးစားရမှာပေါ့။ အခုဒီရှေ့နေတွေကို ကျနော်တို့က ၁၇/၁ ဆိုတဲ့ KIA နဲ့ ဆက်တယ်၊ ဆိုတာကလည်းကျနော်တို့ ဘက်ကနေ ကြည့်မယ်ဆိုရင် ဥပမာ ဆုတောင်းတယ်ဆိုတာက နေရာတကာမှာတောင်းနေတာပဲ၊ ဘယ်မှာခေါ်ခေါ် ဒါကိုတော့ သူတို့ ဆုတောင်းတာကို ဆက်သွယ်တယ်ဆိုပြီးမှတော့ ယူဆလို့ မရဘူးပေါ့။ အခု ဒီအမှုနဲ့ ပတ်သက်ပြီး Shan State Kachin Lawyer group ကို သူတို့အဖွဲ့ကို တာဝန်ပေးထားပါတယ်။”

ပြီးခဲ့တဲ့၂၀၁၆ခုနှစ်၊ နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု(KIA၊ TNLA၊ MNDAA၊ AA) တို့အကြားမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းနှစ်ဦးဟာ မုံးကိုးဒေသတိုက်ပွဲအခြေအနေအကြောင်းကို ပြည်တွင်း ပြည်ပသတင်းမီဒီယာတွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်အခြေအနေတွေနဲ့ ဘာကြောင့် ပျက်စီးခဲ့တယ်ဆိုတဲ့ အခြေအနေမှန်ကို ရှင်းလင်းပြောဆိုခဲ့သူတွေဖြစ်ပါတယ်။

ဒီဇင်ဘာ(၂၄)ရက် ညပိုင်းမှာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းနှစ်ဦးနေအိမ်ကနေ ပျောက်ဆုံးခဲ့ပြီး ၂၀၁၇ ဇန်နဝါရီ(၁၉)ရက်နေ့မှသာ KIOအဖွဲ့အတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူနှစ်ဦးကို သက်ဆိုင်ရာ မူဆယ်မြို့မ ရဲစခန်းကိုလွှဲပြောင်းအပ်နှံပြီးအခုလို တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG