သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီကို ပစ်ခတ်တဲ့ သေနတ်သမားကို ဖမ်းပေးသူပါ သေဆုံး


လုံခြုံရေးရဲများ နေရာယူစဉ်
လုံခြုံရေးရဲများ နေရာယူစဉ်

အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ရှေ့နေ့ကွန်ယက်ရဲ့ ဦးဆောင်သူတဦးလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ မနေ့ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အင်ဒိုနီးရှား ခရီးစဉ်ကပြန်လာပြီး လေဆိပ်အပြင်မှာ လာကြိုတဲ့ သမီးဖြစ်သူရဲ့ ကားကို စောင့်နေတဲ့အချိန် ဦးကိုနီကို လူမြင်ကွင်းမှာ သေနတ်သမားက အနီးကပ်လုပ်ကြံ သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

သေနတ်သမားကို ဝိုင်းဝန်း ဖမ်းဆီးပေးရင်း ဆီးကျိတ်မှာ သေနတ် ဒဏ်ရာရခဲ့တဲ့ တက္ကဆီ ယာဉ်မောင်း ကိုနေဝင်းဟာလည်း ထိမှန်ခဲ့တဲ့ ကျည်ဆံဒဏ်ကြောင့် မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ အနီးဝန်းကျင်မှာ ရှိနေတဲ့ တက္ကဆီ အငှားယာဉ်မောင်းသမားတွေရဲ့ အကူအညီနဲ့ သေနတ်သမားကို ရဲတွေက ဖမ်းမိထားပြီးပြီ ဆိုပေမယ့် တာဝန်ရှိသူတွေက ဒီအမှုမှန် ပေါ်ပေါက်ရေးကို လုပ်ဆောင်ဖို့လိုတယ်လို့ NLD ပါတီကရော ၈၈ မျိုးဆက်ခေါင်းဆောင်တွေကပါ တောင်းဆိုလိုက်ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်အတွက် စိန်ခေါ်မှုဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။

ရှေ့နေကြီး ဦးကိုနီဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်နေချိန် ဖွဲ့စည်းပုံ အခြေခံဥပေဒအပိုင်းမှာ ထိရောက်တဲ့ အကြံပေးချက်တွေ လုပ်ဆောင်ပေးခဲ့သူတဦးဖြစ်သလို ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဦးဆောင် ဟောပြောနေသူတဦးလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Maryland ပြည်နယ်မှာရှိတဲ့ မြန်မာမိသားစုဝင်တွေကလည်း ဦးကိုနီနဲ့ တက္ကဆီယာဉ်မောင်း ကိုနေဝင်း ကွယ်လွန်တဲ့ သက်ပျောက် တရားနာပွဲကို မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ဝါရှင်တန် ဒီစီ ဒေသစံတော်ချိန် တနင်္ဂနွေနေ့လည် ၂ နာရီက ပြုလုပ်ခဲ့ကြပါတယ်။ ဦးကိုနီး အခုလို ရုတ်တရက် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် မြန်မာနိုင်ငံက အစိုးရ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မိကြောင်း Maryland ဒေသခံ မြန်မာ မိသားစု အသိုင်းဝိုင်းက ပြောပါတယ်။

ဦးကိုနီမှာ မိခင်ဖြစ်သူ ဒေါ်ခင်လှ၊ ဇနီးဖြစ်သူ ဒေါ်တင်တင်အေးတို့အပြင် သားသမီး ၃ ဦးကျန်ရစ်ခဲ့ပြီး ကိုနေဝင်းမှာတော့ ဇနီးဖြစ်သူနဲ့အတူ သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG