သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက သူရဦးတင်ဦးရဲ့ တပ်မတော်နေ့အပေါ်အမြင်


တပ်မတော်နေ့ ချီတက်အလေးပြုပွဲတွေကို နေပြည်တော်မှာ ကျင်းပနေချိန်မှာပဲ၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီး ရန်ကုန် NLD ဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကကြီး သူရဦးတင်ဦးကတော့ စစ်ရေးပြပွဲကို နိုင်ငံတော်သမ္မတ အလေးပြုတဲ့ တပ်မတော်စစ်ရေးပြချီတက်ပွဲအဖြစ် လွတ်လပ်ရေးနေ့မျိုးပဲ ကျင်းပသင့်ပြီး၊ အခုလိုနေ့မျိုးမှာတော့ တပ်မတော်တပ်ရင်းတပ်ဖွဲ့အတွင်းမှာပဲ ဖက်ဆစ်တော်လှန်ရေးအမှတ်တရတွေနဲ့ တပ်မတော်ကို ဂုဏ်ပြုမှုတွေကို ကျင်းပသင့်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းရာမှာ - ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ ဘယ်အတွက်ကြောင့် သတ်မှတ်ခဲ့သလဲဆိုတာ အခုလို စပြောခဲ့ပါတယ်။

သူရဦးတင်ဦး။ ။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မှာခဲ့တဲ့ စကားနဲ့ပဲပြောရမှာပေါ့ ၊ နိုင်ငံမှာ ဒီမိုကရေစီဆိုပြီးပြောပြီးတော့ လုပ်နည်းလုပ်ဟန်တွေက တဖြေးဖြေး ဖက်ဆစ် ဆန်ဆန်ဘက်ကို ရောက်လာတယ်၊ လုပ်လာတာတွေရှိတယ်တဲ့။ အဲဒါကြောင့် ဖက်ဆစ်လိုဝါဒမျိုးကို ဘယ်တော့မှ တိုင်းပြည်မှာ ခေါင်းပြန်ထောင်မလာအောင် အားလုံးသွားကြဖို့လိုတယ်ဆိုပြီးတော့ မှာခဲ့တာပေါ့။ အဲဒါကြောင့်မို့လို့ အခုလည်း ဖက်ဆစ်တော်လှန်ရေးဆိုတာကို ဖက်ဆစ်လိုဝါဒမျိုးကို ဘယ်တော့မှ ခေါင်းပြန်ထောင်မလာအောင် သတိပေးတဲ့နေ့ဆိုတဲ့ သဘောပါပဲ။

ကိုရန်နိုင်။ ။အခုဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ NLD အစိုးရ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ပေါ့နော် ဒါပေမယ့် တဘက်မှာလည်း တရားဝင်အခေါ်အဝေါ်ကတော့ တပ်မတော်နေ့ဆိုပြီးတော့ ဖြစ်နေတုန်းပဲ ဆိုတော့ ဦးတင်ဦး အမြင်မှာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားရှိပါသလဲ။ ဒီလို အခေါ်အဝေါ်ကိုပြောင်းသင့်သလား။

သူရဦးတင်ဦး။ ။တပ်မတော်ပေါက်ဖွားတဲ့နေ့ကတော့ တပ်မတော်နေ့ဖြစ်သင့်တာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိတ်တို့ဟာ မြန်မာပြည်လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်တဲ့နေ့။

ကိုရန်နိုင်။ ။ဒီတော်လှန်ရေးနေ့ ကနေ တပ်မတော်နေ့ဖြစ်လာတာက ဘယ်နှစ်ခုနှစ်က နေစလာတာလဲ။

သူရဦးတင်ဦး။ ။ဒီလိုပါ တပ်မတော်ထဲမှာလည်း သိတဲ့အတိုင်းပဲလေ အရင်ကြွေးကြော်လာတာကတော့ လွပ်လပ်ရေးသည် ပထမ၊ လွပ်လပ်ရေးသည် ဒုတိယ၊ လွပ်လပ်ရေးသည်.. တတိယ။ လွတ်လပ်ရေးရပြီးတဲ့နေ့ကျတော့ လွပ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီသည် ဒုတိယ၊ စီးပွားရေးနဲ့ ပတ်သက်လို့ ဆိုရှယ်လစ်သည် တတိယ ဖြစ်တော့ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ဖို့ ဖြစ်လာတာအကြောင်းကနေပြီးတော့ တပ်ထဲမှာလည်း အစိုးရက ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ဖို့မဟုတ်ပဲနဲ့ သွားနေတဲ့ စီးပွားရေးစနစ်ဟာ အရင်းရှင်စီးပွားရေးစနစ်ဖြစ်တယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုပြီး ပေါ်ပေါက်တာတွေက ရှိရှိနေတော့ ဒါတွေက တဖြည်းဖြည်းနဲ့ ကျယ်လောင်တာကို အကြောင်းပြုပြီးတော့ တပ်မတော်ရဲ့အစဉ်အလာတွေကို ပျက်စီးအောင်လုပ်တာမဟုတ်ပဲနဲ့ အသိအမှတ်ပြုပြီးတော့ ၅၆-၅၇ ခုနှစ် အဲဒီလောက်က စပြီးတော့ မတ်လ ၂၇ ရက်နေ့ကျတဲ့အခါ ဖက်ဆစ်တော်လှန်ရေးနေ့အစား တပ်ကို မြှင့်တင် အားပေးတဲ့အနေနဲ့ တပ်မတော်နေ့ပြောင်းလိုက်ပြီးနောက်ပိုင်း ဒီလို တပ်မတော်နေ့လို့ ခေါ်တွင်သွားတဲ့သဘော။

ကိုရန်နိုင်။ ။ဘဘကိုယ်တိုင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ခဲ့တယ် အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့အချိန်မှာ ဒီလို တော်လှန်ရေးနေ့နဲ့ ပတ်သက်ပြီးတော့ အမှတ်တရ ရှိခဲ့တာလည်း ပြောပြပါ။

သူရဦးတင်ဦး။ ။အဲဒီနေ့မှာ တပ်မတော်နေ့ဆိုပေမယ့်လို့ သူ့ spirit ကတော့ ဖက်ဆစ်တော်လှန်ရေး spirit လိုနည်းနည်းကြမ်းတဲ့သဘောတွေတော့ရှိတာပေါ့နော်။ ဒါပေမယ့်လို့ ကျနော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဖြစ်လာပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလည်း အောက်ခြေကနေ ပြည်သူ့ပါတီအဖြစ် ရွေးချယ်တင်မြှောက်လာတဲ့အခါမှာ ဦးနေဝင်းကနေပြီးတော့ သူသဘောထားလေးတွေ မေးလာတာတွေရှိပါတယ်။ အဲဒီတော့ ဒီပြင့်လူတွေကတော့ ဘယ်လိုဖြေသလဲလို့တော့ မပြောတတ်ဘူး ကျနေ်ာ့ကို မေးတာကတော့ မှတ်မိပါတယ် အဲဒီ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ လို့ မဟုတ်ပဲနဲ့ ဆိုတာ ဘယ်လိုသဘောရသလဲလို့မေးပါတယ်။ ကျနော်ကတော့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ် နိုင်ငံတခုမှာ အရေးကြီးဆုံးနေ့ ၊ အထက်မြတ်ဆုံးနေ့ ၊အမွန်မြတ်ဆုံးနေ့ဟာ လွတ်လပ်ရေးနေ့ပါ၊ နောက်ထပ်တပ်မတော်နေ့ကိုတော့ စစ်ရေးပြအခမ်းအနားမလုပ်တော့ပဲ ဒီလို တော်လှန်ရေးနေ့ သတ်သတ်ပဲ ကျင်းပတာမျိုး၊ တပ်မတော်ကလည်း မိမိတို့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးနေ့ကိုအကြောင်းပြုပြီးတော့ စိတ်ဓါတ်ပိုင်းမှာလည်း ပိုပြီးတက်ကြွလာအောင်လုပ်တဲ့အနေနဲ့ တခြားနည်းလမ်းတွေကနေပြီးတော့ ပွဲတွေလုပ်တာတွေ ၊ စစ်ရေးပြ အားကစား စသည်ဖြင့် လုပ်လို့ရပါတယ်။ ဒါကြောင့်တပ်မတော်နေ့သည် တပ်မတော်သားတွေအတွက် လုပ်တာဖြစ်ပြီးတော့ လွတ်လပ်ရေးနေ့ကတော့ တပြည်လုံးအတိုင်းအတာအနေနဲ့ တပ်မတော်နဲ့ တပေါင်းတည်း လုပ်တာကောင်းပါတယ်လို့ ပြောဖူးတယ်။ ဒါပေမယ့် တခြားတပ်မှူးတွေကတော့ မတ်လ ၂၇ ရက်နေ့ကိုတော့ တပ်မတော်နေ့ဘဲ လုပ်ချင်ကြတဲ့သဘောရှိတာမို့လို့ ယနေ့ တပ်မတော်နေ့ပဲ ဆက်ပြီး လုပ်နေတာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ဒီနေ့ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မိန့်ခွန်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒါအချုပ်အခြာအာဏာကို ထိပါးတာဆိုပြီးတော့ ပြင်းပြင်းထန်ထန်ပြောသွားတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်ကလုပ်နေတဲ့ကိစ္စတွေပေါ်မှာ အမြင်ကို သိချင်ပါတယ်။

သူရဦးတင်ဦး။ ။အဓိက နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ဖို့က ပြည်သူလူထု တရပ်လုံးက ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြောတယ်ဆိုရင် ကပ်နေတဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဂယက် ရိုက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုအသုံးအနှုန်းကတော့ သတိထားပြောဖို့ လိုပါမယ်။ အမှန်တကယ် ဒီဟာနဲ့ပတ်သက်လို့ အနောက်မှာ ပြဿနာရှိသော်လည်း အဲဒီ အဖွဲ့အစည်းကို မိမိတို့နည်း၊ မိမိတို့ဟန်နဲ့သာ အောင်မြင်အောင် ဆွေးနွေးညှိနှိုင်းလုပ်သင့်ပါတယ်။ ဒီလိုခြုံပြီးတော့ ပြောလိုက်ရင် ရှိနေတဲ့ ငြိမ်းချမ်းရေးမှူတွေနဲ့ ပတ်သက်လို့ အပိုင်းတွေမှာ ပြဿနာဖြစ်လာမယ့်အကြောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိနယ်မြေထဲကနေပြီးတော့ အခြားအခြားသော နယ်မြေပေါ်မှာ သစ္စာခံပြီးတော့ လုပ်ခွင့်ပေးတာမျိုး ပြောတာဆိုရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ သူတို့နဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးမှုတွေမှာ ထိခိုက်လာတာမျိုးရှိတော့ သတိထားပြောဖို့တော့ ကောင်းတယ်လို့မြင်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦးကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG