သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်အထိမ်းအမှတ် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး


သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်
သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်

ဒီကနေ့ဧပြီလ ၂၁ရက်နေ့ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်သူ နယကကြီးလည်းဖြစ် ဝါရင့်နိုင်ငံရေးသမားကြီးအဖြစ် နှစ်ရှည်အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီးလည်းဖြစ်တဲ့ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တာ သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအားလုံးပြန်လွှတ်ပေးဖို့ မကွယ်လွန်မှီအချိန်အထိ ထောင်အင်္ကျီအပြာရောင်ကို ကိုယ်တိုင် ဝတ်ဆင်ပြီး တစိုက်မတ်မတ် တောင်းဆိုတိုက်ပွဲဝင်သွားခဲ့သူ ဆရာကြီးဦးဝင်းတင်ကို လေးစားဂုဏ်ပြုသောအားဖြင့် သူကွယ်လွန်တဲ့နေ့ ဒီကနေ့မှာ အပြာရောင်အကျီတွေ ဝတ်ဆင်ကြပြီး ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားကြဖို့လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက နိုးဆော်ထားကြပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြထားတာနားဆင်ပါ။

"ဦးဝင်းတင်"

“နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသားတွေ (သို့မဟုတ်) ထောင်တွင်းတွေထဲမှာ လူတွေကို ညှဉ်းပန်းတယ်၊ နှိပ်စက်တယ်၊ လူ့အခွင့်အရေး တွေကို ချိုးဖောက်တယ်၊ ဖျက်ဆီးတယ်ဆိုတာက ကြာပြီဗျ။ အဲဒီဟာတွေကို ကျနော်က မှတ်တမ်းတင်ချင်တယ်။ ဒါတွေဟာ လူမဆန်တာတောင် မဟုတ်ဘူး၊ တိရစ္ဆာန်တောင် မဆန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန်ကမှ တိရစ္ဆာန်အချင်းချင်း ညှာသေးတယ်။ တိရစ္ဆာန်အချင်းချင်း သတ်စားစရာလိုလို့ သတ်စားတဲ့ သူရဲ့ သဘာဝလိုအပ်ချက်သာ လုပ်တယ်။ ညှင်းပန်းချင်လို့ (သို့မဟုတ်) စစ်ကြောချင်လို့ မလုပ်ဘူး။ ဒီမှာကတော့ ထောင်တွေမှာဖြစ်နေတာက စစ်ကြောရေး စစ်ထောက်လှမ်းရေးတို့ လုပ်သွားတဲ့ ပုံသဏ္ဍာန်ပေါ့။ ကျနော်တို့မှာ လူ့အခွင့်အရေး မပြောနဲ့ ထောင်တွေထဲမှာ ခွေးအခွင့်အရေး၊ နွားအခွင့်အရေးတောင် မရအောင် ဖြစ်နေတယ်။ အဲဒါတွေကို ကျနော်က ပြောပြချင်တာပါ။”

ဒါကတော့ ဆရာကြီးဦးဝင်းတင် သူ အကျဉ်းသားဘဝနဲ့ ထောင်နှစ်ရှည်ကျခံခဲ့ရစဉ်က ခါးသီးကြမ်းတမ်းလှတဲ့ ထောင်တွင်းအတွေ့အကြုံတွေနဲ့ပတ်သက်လို့ရေးထားတဲ့ ဘာလဲဟဲ့လူ့ငရဲဆိုတဲ့ စာအုပ်အကြောင်း ဗွီအိုအေမြန်မာပိုင်းက ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းစဉ်က ပြောဆိုထားခဲ့တာကို နားဆင်ခဲ့ရတာပါ။

ဆရာကြီးဦးဝင်းတင်ဟာ သူ့အသက်မဆုံးခင်အချိန်အထိ သူထောင်တွင်းမှာ ဝတ်ဆင်ခဲ့တဲ့ အကျဉ်းထောင်ဝတ်စုံ အပြာရောင်ကို ဝတ်ဆင်ပြီး မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လည်လွတ်မြောက်ရေး တစိုက်မတ်မတ် တောင်းဆိုတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

ဦးဝင်းတင်ကွယ်လွန်တဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားဖိတ်စာ
ဦးဝင်းတင်ကွယ်လွန်တဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားဖိတ်စာ

သူကွယ်လွန်တဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာ ဦးဝင်းတင် ဖြစ်စေချင်တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေး အပြာရောင်အကျီဝတ်ဆင်ကြပြီးတော့ တောင်းဆိုကြဖို့ အပြာရောင်အကျီ လှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက ဝိုင်းဝန်းလှုပ်ရှား တောင်းဆိုကြမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဗဟိုအလုပ်အမှုဆောင်ဦးထွန်းကြည်ကပြောပါတယ်။

“ထူးထူးခြားခြားကတော့ ဘဘကိုလေးစား ဂုဏ်ပြုသောအားဖြင့် အပြာရောင်ဝတ်လှုပ်ရှားမှုပေါ့လေ ၊ ဘဘက နောက်ဆုံးထွက်သက်အထိကို ဘဘက ထောင် ဝတ်စုံ အပြာရောင် ဝတ်ပြီးတော့ ကွယ်လွန်သွားတာလေ။ နောက်တခုက ဘဘကသူ့သက်တမ်းတလျှောက်လုံးမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတော့ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ဦးထိပ်ထားတာကို လေးစားဂုဏ်ပြုသောအားဖြင့်၎င်း၊ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေးအတွက်သော်လည်းကောင်း၊ နောင်တခုကတော့ ကျနေ်ာတို့တိုင်းပြည် မြန်မာနိုင်ငံအကျဉ်းထောင်များမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတယ်ဆိုတဲ့ သတင်းစကားတွေ ပြည်တွင်းရော ၊ ဒေသတွင်း၊ နောက် နိုင်ငံတကာကို ပေးချင်တဲ့အပေါ်မှာ အဲဒီရည်ရွယ်ချက်တွေနဲ့ အပြာရောင်ဝတ်လှုပ်ရှားမှုတခုကိုလည်း အခန်းအနားတက်ရောက်လာတဲ့ လူတွေရော အကြောင်းကြောင်းကြောင့် အခမ်းအနား မတက်ရောက်နိုင်သော်လည်း ဘဘကို လေးစားဂုဏ်ပြုသောအားဖြင့် အပြာရောင်အင်္ကျ ီဝတ်ဆင်ပြီးတော့ ဒီလှုပ်ရှားမှုတခုကို ကျနေ်ာတို့အားလုံး စုစုစည်းစည်းနဲ့ ဖော်ထုတ်ပြသဖို့ အစီအစဉ်တွေလုပ်ထားတာရှိပါတယ်။”

ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ် သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်လို လူမျိုးကို လေးစားအတုယူစေလိုပြီး နောက်လူငယ်မျိုးဆက်တွေဘက်က တိုင်းပြည်အနာဂတ်အတွက် ရှေ့ဆက်တာဝန်ယူစိတ်တွေနဲ့နိုင်ငံကောင်းကျိုးတွေကို လုပ်ဆောင်စေလိုတဲ့အတွက် အခုလို အောက်မေ့ဖွယ်အခမ်းအနားကို ဒီမိုကရေစီအင်အားစုတွေဘက်က အလေးအနက်ထားကျင်းပနေကြတာဖြစ်တယ်လို့လည်း ဦးဝင်းတင်နှစ်ပတ်လည်နေ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးထွန်းကြည်ကပြောပါတယ်။

“ဒီခေတ်မှာ ကျနော်တို့ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ တကယ့်ကို သံမဏိလူသားပါ။ ဘာကြောင့်လဲဆိုတော့ ဘဘက နောက်ဆုံးထွက်သက်အထိ သူ့ကိုယ်ကျိုးတခုမှ မဆောင်ရွက်ခဲ့တဲ့အပြင် သူအမြဲတမ်းလိုလိုပြောပြောနေတာသည် ပြည်သူလူထုအကျိုးစီးပွားကိုပဲ ဦးထိပ်ပန်ဆင်တယ်။”

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်ရောက်လာပေမဲ့လို့ နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာ တက်ကြွလှုပ်ရှားသူဒီမိုကရေစီအင်အားစုတွေ ဖမ်းဆီးထိန်းသိမ်းခံနေရသေးတာဟာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို တရားဝင်အဓိပါယ်မဖွင့်ဆိုနိုင်သေးတာ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို မဖျက်သိမ်းနိုင်သေးတာကြောင့်ဖြစ်တယ်လို့ထောက်ပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားက ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားက အခုအချိန်မှာ ၉၃ ယောက်ရှိတယ်။ တရားရုံးအတွင်းမှာ အမှုရင်ဆိုင်နေရာတာက ၈၅ ယောက်ရှိတယ်။ အပြင်ကနေ အာမခံနဲ့ ရင်ဆိုင်နေရတာ ၁၂၁ ယောက်ရှိနေတဲ့အပြင်ကို လက်ပံတောင်းအရေးနဲ့ ပတ်သက်လို့ ရွာသူရွာသား ၅၀ ကိုလည်း ပုဒ်မ ၄ ခုလောက်နဲ့ သူတို့အမှုဖွင့်ထားတဲ့အပြင် အဲဒီကိစ္စကို လှည်းတန်းမှာ ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားလူငယ် ၄ ယောက်ကိုလည်း အမှုဖွင့်ထားတယ် ဒါကိုကြည့်ချင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မေးခွန်းထုတ်ရလိမ့်မယ်။ အခုလိုနိုင်ငံရေး အကျဉ်းသားပေါင်းမြောက်များစွာ အကျဉ်းထောင်ထဲမှာ ရှိနေတာကိုက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အလွန်တရာမှ ထိခိုက်တဲ့ အပြင် တိုင်းပြည်ဂုဏ်သိက္ခရော ထိခိုက်တယ်လို့ ကျနေ်ာတို့ကတော့ အဲလိုပဲ သုံးသပ်ပါတယ်။”

ဒီကနေ့ ဧပြီလ ၂၁ရက်နေ့မှာတော့ ဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမမှာကျင်းပမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးတင်ဦးတက်ရောက်မှာလည်းဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အကျဉ်းသားလွတ်မြောက်ရေး အပြာရောင်ဝတ်စုံတဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမြန်မာနိုင်ငံ AAPPB နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေဘက်က အပြာရောင်ဝတ်စုံတွေဝတ်ဆင်ပြီး ပြည်သူအားလုံးပါဝင်ဖို့ နိုးဆော် တောင်းဆိုကြမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG